နေပြည်တော်  ၂၀ ဖေဖော်ဝါရီ  

 

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး၏ သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင် အတွေ့အကြုံနှင့်အသိပညာများ တိုးပွားလာစေရန်၊ သီရိလင်္ကာနိုင်ငံ၏ တရားစီရင်ရေးဆိုင်ရာ လွတ်လပ်မှု၊ တာဝန်ခံမှုတို့နှင့် ပတ်သက်၍ အသိအမြင် ဗဟုသုတများ ကျယ်ပြန့်လာစေရန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အတွေးအခေါ်များ မြင့်မားလာစေရန် ရည်ရွယ်၍ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးနှင့် International Institute For Democracy and Electoral Assistance (IDEA) တို့ပူးပေါင်း၍ “သီရိလင်္ကာနိုင်ငံ၏ တရားစီရင်ရေးဆိုင်ရာ လွတ်လပ်မှုနှင့် တာဝန်ခံမှု” အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသည်။

 

အလုပ်ရုံဆွေးနွေးပွဲတွင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင် ဦးကျော်ဆန်းက အဖွင့်အမှာစကား ပြောကြားပြီး International IDEA မှ ဌာနေကိုယ်စားလှယ် Mr. Mark McDowell က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။ 

 

ထို့နောက် အလုပ်ရုံဆွေးနွေးပွဲကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပရာ အီဒင်ဘရာတက္ကသိုလ်၊ ဥပဒေပညာဌာနမှ ကထိက၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အီဒင်ဘရာစင်တာ၏ ညွှန်ကြားရေးမှူး Dr. Asanga Welikala က သီရိလင်္ကာနိုင်ငံ၏ တရားစီရင်ရေးဆိုင်ရာ လွတ်လပ်မှုနှင့် တာဝန်ခံမှု ခေါင်းစဉ်ဖြင့် ဆွေးနွေးသည်။

 

ဆွေးနွေးချက်များနှင့်ပတ်သက်၍ တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဖြည့်စွက် ဆွေးနွေးခဲ့ကြသည်။ ထို့နောက် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင် ဦးကျော်ဆန်းက အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်းနှင့်စပ်လျဉ်း၍ ကျေးဇူးတင်စကား ပြောကြားသည်။

 

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင်များဖြစ်ကြသော ဦးတင်မောင်မြင့်၊ ဦးခင်မောင်ချို၊ ဦးကျော်ဆန်း၊ ညွှန်ကြားရေးမှူးချုပ်၊ ရုံးအဖွဲ့မှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ခုံရုံးသုတေသနအဖွဲ့မှ အရာထမ်းများ၊ IDEA မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)