တောင်ကြီး ၂၀ ဖေဖော်ဝါရီ
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ ကျင်းပပြုသော ရှမ်းပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ (၁/၂၀၁၉)အစည်းအဝေးကို ဖေဖော်ဝါရီ ၂၀ ရက် နံနက် ၉ နာရီခွဲက အဆိုပါဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။
အခမ်းအနားသို့ ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဒေါ်စိန်မမ၊ ရှမ်းပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ကော်မတီအတွင်းရေးမှူး ဒေါ်စိန်မမက ပြည်နယ်ကြီးကြပ်မှု ကော်မတီ၏ ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ဆဲလုပ်ငန်းများ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ဆောင်ရွက်ထားရှိမှုကိုလည်းကောင်း၊ စက်မှုစီမံကိန်းများ၊ မြို့ပြနှင့်ရပ်ရွာများ၏ ပတ်ဝန်းကျင်နှင့် စွန့်ပစ်ပစ္စည်းများ စီမံအုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌကိုယ်စား ရှမ်းပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက လုပ်ငန်းအဖွဲ့၏ ဆောင်ရွက်ချက်များကို လည်းကောင်း၊ အမြဲစိမ်းလန်းခြင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်းဥက္ကဋ္ဌ ဒေါက်တာစိန်စိန်သိန်းက အစိမ်းရောင်စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရေးများအား လည်းကောင်း ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများက မေးမြန်းပါဝင် ဆွေးနွေးတင်ပြခဲ့ကြကြောင်း၊ အစည်းအဝေးအပြီးတွင် ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တက်ရောက်လာသူများက စုပေါင်းဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)


