မော်လိုက် ၂၀ ဖေဖေါ်ဝါရီ
ခရီးသွားလုပ်ငန်းမြှင့်တင်ခြင်းဖြင့် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ ပိုမိုလာရောက် လည်ပတ်နိုင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးရေးတို့အတွက် မော်လိုက်မြို့ရှိ သမိုင်းဝင် ကိုလိုနီခေတ် အဆောက်အအုံများ၊ ဂေါက်ကွင်းများအား ရှေးမူမပျက် တည်ရှိစေရေး ပြည်သူများအားလုံး ထိန်းသိမ်းသွားကြရန် လိုအပ်ကြောင်း ဖေဖေါ်ဝါရီ ၂၀ ရက် နံနက်ပိုင်းတွင် မော်လိုက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ တွေ့ဆုံပွဲတွင် ပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသန်းနှင့်ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာများ ပါဝင်သည့်အဖွဲ့သည် မော်လိုက်မြို့၊ မြို့မ(၂)အုပ်စု၊ အောင်သာယာရပ်ကွက်တွင် လျှပ်စစ်ဓါတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၊ ခွင့်ပြုရန်ပုံငွေဖြင့် ၂၀၁၇ ခုနှစ် နိုဝင်ဘာ ပထမပတ်က စတင်တည်ဆောက်ခဲ့ပြီး ယခုအခါ ရာခိုင်နှုန်းပြည့်နီးပါး ပြီးစီးပြီဖြစ်သည့် 66/KV (10MVA) ဓါတ်အားခွဲရုံအား ဝင်ရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မော်လိုက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံရာ မြို့မိမြို့ဖများမှ မော်လိုက်မြို့ ချင်းတွင်းမြစ်ကူးတံတား တည်ဆောက်ပေးနိုင်ရေး၊ ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆရာဝန် မလုံလောက်မှုများ ရှိနေသဖြင့် ဆရာဝန်များ အမြန်ဆုံးချထားပေးနိုင်ရေးနှင့် မော်လိုက်-ကလေးဝ ကားလမ်းအား အဆင့်မြှင့်တင်ပေးရေး၊ မြို့ပေါ်ပြည်သူများအတွက် သောက်သုံးရေရရှိရေးတို့ကို တင်ပြခဲ့ကြရာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများက တင်ပြချက်များအပေါ် ပြန်လည်ဖြေကြားခဲ့ပြီး သမိုင်းဝင်ကိုလိုနီခေတ် အဆောက်အအုံတစ်ခု အပါအဝင်ဖြစ်သည့် မော်လိုက်မြို့ အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
မော်လိုက်သားလေး


