ရန်ကုန် ၂၀ ဖေဖော်ဝါရီ
ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းရှိ YMCA ခန်းမတွင် ယနေ့ ဖေဖော်ဝါရီ ၂၀ ရက် နံနက်ပိုင်းမှ ညနေပိုင်းအထိမှ Line Walker - 2 (Operation Midnight Shadow) ရုပ်ရှင်ဇာတ်ကား၏ ဇာတ်ဝင်ခန်းတချို့ ဆက်လက်ရိုက်ကူး လျက်ရှိသည်။
ယနေ့ရုပ်ရှင်ဇာတ်ကား၏ ဇာတ်ဝင်ခန်းတချိုရိုက်ကူး နေစဉ်အတွင်း နံနက် ၆ နာရီမှ ညနေ ၄ နာရီအထိ ယာဉ်များလမ်းလွှဲမှ သွားလာနိုင်ရန်အတွက် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံယာဉ်ထိန်းရဲတပ်ဖွဲ့၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် တာဝန်ရှိသူများက ပူးပေါင်းပါဝင် ဆောင်ရွက်ပေးလျက်ရှိသည်။
ဇာတ်ဝင်ခန်း ရိုက်ကူးနေမှုကို YMCA ခန်းမအနီး လာရောက်အားပေး ကြည့်ရှုကြသည့် ရုပ်ရှင်ကြည့်ပရိသတ်အချို့နှင့် တာဝန်ရှိသူများ၏ သဘောထားအမြင်များ ကို စုစည်းဖော်ပြလိုက်ရပါသည်။
ကိုအောင်သိန်းထွန်း
မန်နေဂျင်းဒါရိုက်တာ
Institute of Business & Investment Management
ဒီရုပ်ရှင်ရိုက်ကွင်းက ကျွန်တော်တို့ ကျောင်းနဲ့ သိပ်မဝေးဘူး။ အထဲမှာ အလုပ်လုပ်နေရင်းနဲ့ ပစ်ခတ်သံတွေကြားတယ်။ သတင်းစာထဲမှာလည်း တွေ့ထားတော့ လာကြည့်ဖြစ်တာပါ။ ဒီကိုလာကြည့်တော့ တော်တော်စိတ်ဝင်စားဖို့ ကောင်းတယ်။ အချိန်အတော်ကြာကြာ လေ့လာကြည့်တော့ လူအား၊ ငွေအားနဲ့ အချိန်တွေ အများကြီးပေးပြီးတော့ သူတို့ရိုက်နေတာ တွေ့ရတယ်။
ကျွန်တော်ကြားသလောက်ဆိုရင် သူတို့ ဒီပတ်ဝန်းကျင်ကို ရိုက်ကွင်းရွေးတာတင်ပဲ ၂ လ ၃ လလောက် အချိန်ပေးထားတယ်ကြားတယ်။ အစမ်းလေ့ကျင့်မှု တစ်ခုတင်ပဲ အကြိမ် ၅၀ လောက် ထပ်ခါထပ်ခါ လုပ်တယ်လို့ ကြားပါတယ်။ Professional ကျတာမှုဆိုတာကို တွေ့ရတယ်။ မြန်မာနိုင်ငံအတွက်လည်း ကောင်းတာတချို့ရှိတယ်လို့ ကျွန်တော်မြင်တယ်။
ကျွန်တော်က Finance Background ကနေလာတယ်ဆိုတော့ စီးပွားရေးဆိုင်ရာတွေ၊ ငွေကြေးပိုင်းဆိုင်ရာတွေ လေ့လာတယ်။ ကောင်းတာတချို့ တွေ့ရတယ်ဆိုတာက အပြည်ပြည်ဆိုင်ရာ ခရီးသွားတွေပေါ့။ သူတို့အနေနဲ့ ဘယ်လိုပဲလာလာ မြန်မာနိုင်ငံအနေနဲ့ ကြည့်မယ်ဆိုရင် ခရီးသွားဧည့်သည်ပဲ။
သူတို့နဲ့ပါလာတဲ့ လူအင်အားတင် မနည်းဘူး။ ကျွန်တော်တို့ သိရသလောက်ဆိုရင် လူအင်အား ၂၀ဝ လောက်ပါလာတယ်လို့ ကြားသိရတယ်။ အဲဒီတော့ မြန်မာနိုင်ငံမှာရှိတဲ့ ဟိုတယ်လုပ်ငန်းတွေ၊ သူတို့နဲ့ ဆက်စပ်တဲ့လုပ်ငန်းတွေ၊ အလုပ်အကိုင်အခွင့် အလမ်းတွေ မြန်မာနိုင်ငံအတွက် ဝင်ငွေရမယ်။
တစ်ချိန်တည်းမှာပဲ အစိုးရက သူတို့ကို ရိုက်ခွင့်ပြုထားတယ်ဆိုတဲ့အတွက် အစိုးရအတွက် ဝင်ငွေရမယ်။ သူတို့က ဒီမှာနေပြီး ဒီအတိုင်းပြန်သွားမှာ မဟုတ်ဘူး။ သူတို့ပါလာတဲ့ ပိုက်ဆံတချို့နဲ့ ဥပမာ စားတာ၊ သောက်တာ၊ အမှတ်တရပစ္စည်း ဝယ်တာတွေရှိမယ်။ တခြားသူတို့သုံးချင်တဲ့ နေရာတွေမှာလည်း သုံးသွားတယ်ဆိုရင် မြန်မာနိုင်ငံအတွက် အများကြီးကောင်းပါတယ်။ ကျွန်တော်အမြင်နဲ့ဆိုရင် မြန်မာနိုင်ငံအတွက် ကောင်းတာတွေ့ရတယ်။ မြန်မာနိုင်ငံမှာ ကမ္ဘာကမမြင်တဲ့ ရှုခင်းတစ်ချို့ရှိတယ်။ အဲဒီ ရှုခင်းတစ်ချို့ကို သူတို့က အချိန်ယူပြီး ဘယ်နားက ဘယ်လိုကြည့်ရင် လှတယ်ဆိုပြီး ကျွန်တော်တို့ မသိတာတွေ သူတို့သိသွားနိုင်ခြေရှိတယ်။
မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာမှာ သိလာအောင် သွယ်ဝိုက်သောအားဖြင့် လည်းကောင်း၊ တိုက်ရိုက်သော်လည်းကောင်း မြှင့်တင်ရာ ကျတာပေါ့။ ရုပ်ရှင်ဆိုတာ မီဒီယာမှာ အကျိုးသက်ရောက်မှု အဖြစ်ဆုံးလို့ ကျွန်တော် မြင်ပါတယ်။ ကိုယ့်နိုင်ငံကို အလွယ်တကူ သိသွားစေနိုင်တာပေါ့။ တစ်ခုသတိထားရမှာက မကောင်းတဲ့ မြင်ကွင်းတွေတော့ မပါသင့်ဘူးလို့ မြင်တယ်။ အမြဲတမ်း အကောင်းနဲ့ အဆိုးက ဒွန်တွဲနေတယ်။ တစ်ခုခုလိုချင်ရင် တစ်ခုခုတော့ ရင်းရမှာပဲ။ လမ်းပိတ်တယ်ဆိုတာကတော့ သူတို့မလာလည်း လမ်းကပိတ်နေတာပါပဲ။ လမ်းပိတ်ရင် တခြားလမ်းက သွားလို့ရတယ်။ သူတို့ သွားလို့ မရတာ၊ လုပ်ကိုင်လို့ မရတာကို ဒါကြီးတစ်ခုတည်းကို လက်ညှိုးထိုးပြီး မပြောစေချင်ဘူး။
တခြားတစ်ဖက်မှာကျတော့ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် အကျိုးရှိတာတွေ အများကြီးရှိနေတယ်။ ဒါတစ်ခုကို ကိုယ့်ရဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုအနေနဲ့ မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ သည်းညီးခံသင့်တယ်။ ဒါမျိုးတွေကို အားပေးသင့်တယ်လို့ ထင်တယ်။ အခိုက်အတန့်မှာ အဆင်မပြေတာရှိမယ်။ ရရှိမယ့် အကျိုးတွေ ပြန်ကြည့်မယ်ဆိုရင် အများကြီးသာပါတယ်။ တစ်ချိန်တည်းမှာပဲ လေ့လာစရာတွေ အများကြီးရှိမယ်။ ခေါင်မိုးပေါ်မှာ ရိုက်နေတာ သေချာတော့ မမြင်ရဘူး။ ဒါပေမယ့် အောက်ကနေ သေချာသုံးသပ်ကြည့်မယ်ဆိုရင် တိုက်ပေါ်ကနေ သေနတ်ကိုင်ဆင်းလာတဲ့ အချိန်မှာ ပစ်ခတ်မှုတွေ ဖြစ်တယ်လို့ ကျွန်တော်ယူဆပါတယ်။ အဆောက်အအုံပေါ်မှာလည်း ဖြတ်ပြီးရိုက်မယ်ဆိုတော့ တော်တော်လေးကို စိတ်ဝင်စားမယ့် အနေအထားတွေ ရှိနေပါတယ်။
မနန်းခင်စံခန့်
ဒေါပုံမြို့နယ်
လမ်းလျှောက်လာရင်း သူများတွေကြည့်နေတာတွေ့လို့ မမျှော်လင့်ဘဲ လမ်းကူးရင်း ဝင်ကြည့်မိတာ။ ဒီဇာတ်ကား Line Walker ပထမကားကို ကြည့်ဖူးကတည်းက အတော်ကြိုက်တာ။ မင်းသားကိုတွေ့ရမယ်ထင်ပြီး ဝင်ကြည့်တာ။ မင်းသားကိုလည်း ကြိုက်တယ်။ သေနတ်ပစ်ဖောက်တဲ့အသံတွေ ကြားရတယ်။ ရိုက်ကူးနေတာ သေချာမမြင်တွေ့ရဘူး။ ဒီဇာတ်ကားကို စိတ်ဝင်စားတာကြောင့် နောက်နေ့တွေဆိုရင်လည်း ရိုက်ကွင်းရှိတဲ့နေရာတွေ သွားကြည့်မယ်လို့ စိတ်ကူးထားတယ်။
ဒေါက်တာ သာဉာဏ်
အထွေအထွေအတွင်းရေးမှူး
ရန်ကုန်ကလျာဏယုဝအသင်း
ဟောင်ကောင်က ရုပ်ရှင်လာရောက်ရိုက်ကူးမယ်လို့ မိတ်ဆွေတစ်ဦးက ဆက်သွယ်လာတယ်။ ဒီလို ပြည်တွင်းမှာ ရိုက်ကူးဖို့ဆိုရင် အာဏာပိုင်အဖွဲ့အစည်းရဲ့ ခွင့်ပြုချက်လိုပါတယ်။ ခွင့်ပြုချက်ယူဖို့အတွက် ဝန်ကြီးဌာနတွေနဲ့ မိတ်ဆက်ပေးပါတယ်။ ခွင့်ပြုချက်ရတဲ့အခါ ကျွန်တော်တို့ရဲ့ YMCA ခန်းမကို အသုံးပြုဖို့ မေးမြန်းဆွေးနွေးတယ်။ အကြိမ်ကြိမ် ဆွေးနွေးကြပြီးတဲ့အခါမှာ ပြန်ကြားရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနဲ့ နိုင်ငံတော်ကလည်း ရိုက်ကူးဖို့အတွက် ကူညီပေးတယ်။ ရိုက်ခွင့်ပြုတယ်။
ဒီအက်ရှင်ဇာတ်ကားမှာ စွန့်စားခန်းတွေ၊ လှုပ်ရှားမှုတွေ၊ ပြိုင်ကားတွေ၊ ဟယ်လီကော်ပတာ၊ သေနတ်အစစ်၊ ထိပ်ဖူးမပါတဲ့ကျည်တွေ၊ ခုန်ချတာ၊ မီးလောင်တဲ့ ဇာတ်ဝင်ခန်းတွေပါတယ်။ ဒါတွေကို အတော်သတိထားပြီး တစ်ခုချင်း ဆွေးနွေးပြီးတဲ့အခါ YMCA အဆောက်အဦး တစ်နေရာထဲမှာ မူတည်ပြီး အောက်ထပ်မှာ ဆက်တင်တွေ ဆင်တယ်။ အပေါ်ထပ်မှာ ဈေးဆိုင်ခန်းတွေလုပ်တယ်။ အပေါ်ထပ်မှာပဲ တိုက်တစ်တိုက်ကနေ တစ်တိုက်ကို ခုန်ချပြေးတဲ့အခန်းတွေ ပါတယ်။ လူကုန်ကူးမှု ဆိုတာကြောင့် ရဲတွေလိုက်ဖမ်းတဲ့ ကိစ္စတွေလည်းပါတယ်။ တကယ်တော့ သူတို့က အိမ်နီးချင်းနိုင်ငံမှာ ရိုက်ကူးဖို့ပဲ။ မြန်မာနိုင်ငံမှာ ရိုက်ကူးဖို့အတွက် လုပ်နိုင်တဲ့အကြောင်း သက်ဆိုင်ရာကလည်း ခွင့်ပြုတယ်ဆိုတဲ့အကြောင်း၊ မြန်မာနိုင်ငံကလည်း ဖော်ရွေတဲ့အကြောင်း သေချာရှင်းပြရပါတယ်။ ဘာကြောင့် မြန်မာနိုင်ငံမှာ လာရိုက်စေချင်တာလဲဆိုရင် မြန်မာပြည်အကြောင်း နိုင်ငံတကာမှာ တစ်စိတ်တစ်ပိုင်း မကောင်းတာတွေဖြစ်နေတယ်။ မြန်မာနိုင်ငံက အင်မတန်ငြိမ်းချမ်းတဲ့နိုင်ငံပါ။ မြန်မာနိုင်ငံရဲ့ ကောင်းသော ဝိသေသတွေ၊ ယဉ်ကျေးမှုတွေက အရင်အတိုင်းရှိတယ်။ ပုဂံလိုနေရာမျိုး၊ ရေခဲတောင် နေရာမျိုးတွေဆိုရင် ဘာမှထိမထားဘူး။ ဖျက်ဆီးထားခြင်းလည်း မခံရဘူး။ ဒါတွေကို ပြသနိုင်ဖို့အတွက် ငွေကြေးမတတ်နိုင်ဘူး။ ဒီရုပ်ရှင်ကားက တစ်ကမ္ဘာလုံး ကြည့်ကြမှာပါ။
ဒီအခွင့်အရေးရတာကြောင့် YMCA က မေတ္တာစေတနာအပြည့်အဝနဲ့ ကျရာနေရာက ကူညီဆောင်ရွက်ပေးတာပါ။ မြန်မာကို ကမ္ဘာကသိဖို့ ဒီရုပ်ရှင်ကားက စွမ်းဆောင်ပေးပါလိမ့်မယ်။ မြန်မာနိုင်ငံကို တစ်နည်းတစ်ဖုံအားဖြင့် ကမ္ဘာကို သိသွားစေချင်ပါတယ်။ ဒီရုပ်ရှင်ကားကြောင့် ရွှေတိဂုံဘုရား၊ ဆူးလေဘုရား၊ ကြားတောရလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရဲတပ်ဖွဲ့ဝင်တွေ၊ မြန်မာ သရုပ်ဆောင်တွေ၊ စသဖြင့် ပါနေပါပြီ။
YMCA အဆောက်အအုံ ၉ ထပ်ရှိတာ ၅ ထပ်ပေးသုံးထားတယ်။ အထပ်တိုင်းမှာ လုံခြုံရေးချထားပေးတယ်။ သေနတ်ဖောက်တဲ့အသံ၊ ဗုံးဖောက်တဲ့အသံ စတဲ့ ပေါက်ကွဲမှုအသံတွေကြောင့် ကလေးတွေ ထိတ်လန့်မှာစိုးတာကြောင့် YMCA ရဲ့ မူကြိုကို နှစ်ရက်တာ ပိတ်ထားပေးတယ်။ နေထိုင်စားသောက်ဖို့၊ ကားရပ်နားဖို့ကအစ အဆင်ပြေအောင် ဆောင်ရွက်ပေးထားတယ်။ ယာဉ်ထိန်းရဲ၊ မြို့နယ် အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၊ ခရိုင်ရဲတပ်ဖွဲ့၊ ပြန်ကြားရေး၊ ပြည်ထဲရေး၊ ဟိုတယ်/ခရီး စတဲ့ ဝန်ကြီးဌာနတွေကလည်း ဝိုင်းဝန်းကူညီပေးနေကြပါတယ်။
ပန်းအိစံ
Operation Assistant
KTZ Ruby Hill Securities Company Limited
သေနတ်ဖောက်သံတွေကြားရတော့ သူတို့ စွန့်စားမှုတွေလုပ်နေပြီပေါ့။ ကြိုးတွေနဲ့ ဆင်းတယ်။ တစ်ကဒ်ကို ရုပ်ရှင်ထဲမှာ ကြည့်ရင်ခဏလေးပဲ။ ဒါပေမယ့် သူတို့ ရိုက်နေတာကြတော့ အကြာကြီးပဲ။ ဆင်းလာတယ်၊ မရသေးဘူး ပြန်တက်သွားတယ်၊ ပြန်ဆင်းလာတယ်။ အဲဒီလိုမျိုးပေါ့။ ရုပ်ရှင်ကြည့်တာထက်စာရင် ဒါလေးတွေက သူတို့ စွန့်စားထားတယ်ဆိုတာ တကယ်မြင်ရတာပေါ့။ ကြည့်လို့ကောင်းတယ်။ ဒီက မြန်မာမင်းသားတွေလည်း ပါတယ်ဆိုတော့ မြန်မာနိုင်ငံကို နိုင်ငံတကာက သိသွားမှာပေါ့။ သူတို့ ရိုက်ကွင်းရှာပြီး လာရိုက်တယ်ဆိုတော့ မြန်မာနိုင်ငံအတွက်လည်း ရုပ်ရှင်နယ်ပယ်မှာ အခွင့်အလမ်းပိုများသွားတာပေါ့။ မင်းသားကို ကြိုက်တဲ့အတွက် ဒီဇာတ်ကားထွက်ရင် ကြည့်မှာပါ။
အရင် Line Walker တုန်းက ကြည့်ထားတာ နည်းနည်းမေ့သွားတယ်။ Line Walker-2 ထွက်ပြီ ဆိုရင်တော့ Line Walker ကို ပြန်ကြည့်ပြီး Line Walker-2 ကိုကြည့်မှာပါ။ Line Walker-2 ရိုက်မယ်ဆိုတာကို Social Media မှာ Facebook, YouTube တွေမှာ ရှာကြည့်လို့ တွေ့တာပါ။ အဓိကတော့ မင်းသားသရုပ်ဆောင်တာကို ကြိုက်တာပေါ့။
ရန်ကုန်မြို့တွင်းရှိ မြို့နယ်တစ်ချို့၌ Line Walker-2 (Operation Midnight Shadow) ရုပ်ရှင်၏ ဇာတ်ဝင်ခန်းများ ရိုက်ကူးဆောင်ရွက်လျက်ရှိရာတွင် အချိန်ပိုင်း လမ်းပိတ်ဆို့မှုများကြောင့် အများပြည်သူသွားလာမှု အဆင်မပြေဖြစ်ခဲ့ပါက သည်းခံခွင့်လွှတ်ပေးပါရန် အနူးအညွတ် မေတ္တာရပ်ခံပါကြောင်း အဆိုပါ ရုပ်ရှင်အတွက် မြန်မာနိုင်ငံဘက်မှ တာဝန်ယူဆောင်ရွက်သည့် Yangon Synthesis Productions ကုမ္ပဏီက ပြောကြားထားကြောင်း သိရှိရသည်။
သတင်း-ဝင်းမီမီ
ဓာတ်ပုံ-ရဲထွဋ်


