နေပြည်တော် ၂၀ ဖေဖော်ဝါရီ 

 

အားကစားနှင့် ကာယပညာ သိပ္ပံကျောင်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြန်မာ့အားကစား ပိုမိုတိုးတက်ရန် အထောက်အကူပြုရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

7

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လက်ရှိသင်ကြား လေ့ကျင့်လျက်ရှိသော အားကစားနှင့် ကာယပညာ သိပ္ပံကျောင်းများမှ နှစ်စဉ်တိုးတက်မှု ရလဒ်ကောင်းမွန်မှု၊ ထိရောက်မှု၊ ပြည်တွင်းနည်းပြများနှင့် နိုင်ငံခြားနည်းပြများ၏ အရည် အသွေး၊ သင်ကြားပြသမှု အရည်အသွေးများ အဆင့်မီမှု၊ လေ့ကျင့်ရေးကျောင်းသားများ နေထိုင်စားသောက်ရေး ကောင်းမွန်ပြည့်စုံမှု၊ အားကစားသမား တစ်ဦးချင်းစီအလိုက် လစဉ်တိုးတက်မှု စသည်ဖြင့် အခြေအနေအရပ်ရပ်ကို အဘက်ဘက်မှ ပြန်လည်ဆန်းစစ် သုံးသပ်လျက်ရှိပြီး ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။ 

 

မြန်မာ့အားကစား ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျင်းပခဲ့သည့် National Sport Seminar ၏ ရလဒ်များအတိုင်း အမြန်ဆုံးဆောင်ရွက်ရန် အရေးကြီးကြောင်း၊ အား/ကာသိပ္ပံ ကျောင်းများနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရမည့် အချက်များကို ဦးစားပေးသတ်မှတ်ချက်အလိုက် အမြန်ဆုံးတာဝန်များ ခွဲဝေဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အား/ကာသိပ္ပံကျောင်းများတွင် သင်ကြားလေ့ကျင့်ရာ၌ သာမန်ကျောင်းများတွင် သင်ကြားသကဲ့သို့  စာပေပညာရပ်များကို သင်ကြားနေရသဖြင့် အားကစားသမားများအနေဖြင့် ပိုမိုခက်ခဲပင်ပန်းကာ စာပေပညာတွင် သာမက အားကစားတွင်ပါ အောင်မြင်မှုရရှိရန် ခက်ခဲလျက်ရှိကြောင်း။

 

ထို့ကြောင့် အား/ကာသိပ္ပံကျောင်းများတွင် သာမန်ကျောင်းများ ကဲ့သို့မဟုတ်ဘဲ အားကစားလေ့ကျင့်ခြင်းနှင့် အားကစားနှင့်သက်ဆိုင်သည့် နည်းစနစ်၊ နည်းပြပညာ၊ ကျင့်ဝတ်နှင့် အားကစားစာပေများကို သင်ကြားလေ့ကျင့်မှသာ အားကစားအောင်မြင်မှုများ ရရှိနိုင် မည်ဖြစ်ကြောင်း၊ ဦးစီးဌာနနှင့် အားကစားသိပ္ပံကျောင်းများအနေဖြင့် သင်ရိုးညွှန်းတမ်းများကို စနစ်တကျ အသေးစိတ်ရေးဆွဲ၍ ပြုစုသင်ကြားရမည်ဖြစ်ပြီး အားကစားနည်းသင်ရိုးပြီးမြောက်မှု သင်တန်းဆင်းလက်မှတ်ပေးရန်နှင့် ပညာရေးကောင်စီ၏ အသိအမှတ်ပြုမှုရရှိရေးကို အဆင့်ဆင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အား/ကာသိပ္ပံကျောင်းများမှ ပြီးမြောက်အောင်မြင်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိရေးနှင့် ဘဝအာမခံချက်ရရှိရေးတို့ကို ဝန်ကြီးဌာနမှ အစီအစဉ် ချမှတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် အားကစားနှင့် ကာယပညာ သိပ္ပံကျောင်းများ တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူးချုပ်က သိပ္ပံကျောင်းများတွင် လေ့လာဆန်းစစ်ခဲ့မှုများ၊ အား/ကာသိပ္ပံကျောင်း ၆ ကျောင်းတွင် ကျောင်းအလိုက် သင်ကြားလေ့ကျင့်ပေးမည့် အားကစားနည်းစနစ်များ၊ အဆိုပြုပြောင်းလဲမည့် သိပ္ပံကျောင်းနှင့် အားကစားအထက်တန်း(သို့မဟုတ်) အားကစားအကယ်ဒမီကျောင်းများ၏ ဖွဲ့စည်းပုံအဆိုပြုမူကြမ်းများ၊ ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်တွင် သင်တန်းသားများ ရွေးချယ်ရေး၊ ကျောင်းများအလိုက် ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ၊ ထူးချွန်အားကစား သင်တန်းဆင်းလက်မှတ်ရပြီးသူများကိုသာ B.Sc Sport တက်ရောက် ခွင့်ပြုပြီး သက်ဆိုင်ရာ အားကစားနည်းအလိုက် နည်းပြ/နည်းစနစ်မှူးအဖြစ် ခန့်ထားနိုင်ရေးတို့ကို အကြံပြုတင်ပြ၍ အား/ကာသိပ္ပံ ကျောင်းအုပ်ကြီးများက ကျောင်းအလိုက် ဆောင်ရွက်ထားရှိမှုများကို တင်ပြကြရာ အမြဲတမ်းအတွင်းဝန်များက ဖြည့်စွက်တင်ပြကြသည်။

 

ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က အစည်းအဝေး ဆုံးဖြတ်ချက်များအရ ဦးစီးဌာနမှ ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။ 

 

(သတင်းစဉ်)