ဟားခါး ၂၀ ဖေဖော်ဝါရီ
၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျရောက်သည့် (၇၁)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဟားခါးမြို့ ဝမ္မသူးမောင် အားကစားကွင်း၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို တက်ရောက်သည်။
အဆိုပါ အခမ်းအနားသို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ဇနီး ဒေါက်တာ ရွှေလွှမ်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဦးသန့်စင်မောင်၊ ဦးသိန်းဆွေ၊ ဦးဟန်ဇော်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးဝင်းမြင့်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဖုန်းမြတ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။
နိုင်ငံတော်သမ္မတနှင့်ဇနီးနှင့် ပြည်ထောင်စုဝန်ကြီးများသည် (၇၁)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနား ကျင်းပမည့် ဟားခါးမြို့ ဝမ္မသူးမောင် အားကစားကွင်းသို့ ရောက်ရှိကြရာ ဒေသခံချင်းတိုင်းရင်းသားများက ဂုဏ်ပြုပန်းစည်းများ ပေးအပ်၍ ရင်းရင်းနှီးနှီး ကြိုဆိုကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဦးဟန်ဇော်၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်နှင့် ချင်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးဇိုဘွဲတို့က (၇၁)နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ် မုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့််လှစ်ပေးကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် (၇၁)နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ် မုခ်ဦးအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌတို့သည် တာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသား တိုင်းရင်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
ထို့နောက် (၇၁)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို ဆက်လက်ကျင်းပရာ သိက္ခာတော်ရဆရာတော် ဒေါက်တာစတီဗင် လျန်ဟုန်လိန်းက ချင်းအမျိုးသားနေ့ ပွဲတော်အတွက် ကောင်းချီးမင်္ဂလာ ဆုတောင်းစကား ပြောကြားပြီး သဘာပတိက (၇၁) နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ် အမှာစကားပြောကြားသည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတထံမှ ပေးပို့သော ၂၀၁၉ ခုနှစ် (၇၁)နှစ်မြောက် ချင်းအမျိုးသားနေ့ သဝဏ်လွှာကို ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က ဖတ်ကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က (၇၁)နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ် နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ချင်းအမျိုးသားနေ့ အခမ်းအနားတွင် နှုတ်ခွန်းဆက်စကား ပြောကြားခွင့်ရသည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ချင်းပြည်နယ်၏ သာယာလှပမှုနှင့် ချင်းအမျိုးသားတို့၏ နွေးထွေးလှိုက်လှဲစွာ ကြိုဆိုမှုများကြောင့် မိမိအနေဖြင့် မိသားစုကဲ့သို့ တရင်းတနှီးခံစားရပါကြောင်း။
ချင်းပြည်နယ်တွင် ထူးကဲမှုများစွာရှိပါကြောင်း၊ အောက်ချင်းငှက်နှင့် တောင်ဇလပ်ပန်းတို့သည် ချင်းပြည်နယ်နှင့် ချင်းအမျိုးသားတို့၏ သင်္ကေတများပင်ဖြစ်ပါကြောင်း၊ တောင်ဇလပ်ပန်းသည် ရဲရဲနီပြီး သတ္တိနှင့်ရဲရင့်မှုကို ပြသနေပါကြောင်း၊ တောင်စွန်း တောင်ဖျားများပေါ်တွင် ဝင့်ဝင့်ကြွားကြွားဖြင့် ပေါက်ရောက်နေခြင်းသည်လည်း အထင်ကရတစ်ခုပင် ဖြစ်ပါကြောင်း၊ ၎င်းမှာ ချင်းလူမျိုးတို့၏ ရဲရင့်မှု၊ သတ္တိရှိမှုနှင့် ဝင့်ကြွားမှုဆိုသည့် လက်ရုံးရည်ကို ပြသခြင်းဖြစ်ပါကြောင်း၊ ထို့အတူ အောက်ချင်းငှက်ကို ကြည့်ပါကလည်း သစ္စာတရားကြီးမားမှုကို တွေ့ရပါကြောင်း၊ အောက်ချင်းဖို၊ အောက်ချင်းမ ငှက်မောင်နှံတို့သည် အတူတကွ ပျံသန်းလေ့ရှိပါကြောင်း၊ အောက်ချင်းငှက်မက သားမွေးပါက အောက်ချင်းငှက်ဖိုက အနားက မခွာဘဲ ကျွေးမွေးစောင့်ရှောက်သည့် တာဝန်ကို ယူကြပါကြောင်း၊ ထို့အပြင် ပို၍ သစ္စာတရားကြီးမားမှုမှာ အောက်ချင်းငှက်မ အသက်အန္တရာယ်နှင့် ကြုံတွေ့ရပါက အောက်ချင်းငှက်ဖိုကလည်း လိုက်၍ အသက်ကို စွန့်လွှတ်ပါကြောင်း။
ချင်းအမျိုးသားတို့၏ မေတ္တာတရားနှင့် သစ္စာတရားကြီးမားမှုကို အဆိုပါ သင်္ကေတနှစ်ခုက ဖော်ညွှန်းနေပါကြောင်း၊ အောက်ချင်းငှက်ဖိုနှင့် ငှက်မတို့၏ သစ္စာတရားသည် ဥမကွဲ၊ သိုက်မပျက် အတူတကွ နေထိုင်ကြမည်ဆိုသည့် စံနမူနာကို ပြသနေသည်ဟု ခံယူပါကြောင်း၊ ချင်းအမျိုးသားတို့ အနေဖြင့်လည်း ပြည်ထောင်စုကြီးတွင် ဥမကွဲ၊ သိုက်မပျက် အတူတကွ လက်တွဲနေထိုင်လာခဲ့ကြသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ပါကြောင်း၊ နယ်ချဲ့တော်လှန်ရေး၊ ဖက်ဆစ်ဆန့်ကျင်ရေးတို့တွင် ချင်းအမျိုးသားများသည် အခြားတိုင်းရင်းသားများနည်းတူ လွတ်လပ်ရေးရရှိအောင် ကြိုးစားပါဝင်ခဲ့ပါကြောင်း၊ လွတ်လပ်ရေးရရှိအောင် ကြိုပမ်းရုံတင်မကဘဲ ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်တွင် ချင်းအမျိုးသား ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးလှူရ်မှုန်၊ ဦးသောင်ဇာခုတ်နှင့် ဦးကီယိုမန်းတို့သည် ပါဝင်လက်မှတ်ရေးထိုးခဲ့ကြပါကြောင်း၊ ထို့ပြင် ဦးဝမ္မသူးမောင် ဆိုပါကလည်း ပြည်မနှင့်တောင်တန်း တစ်ချိန်တည်း လွတ်လပ်ရေးရယူရန် အဆိုတင်သွင်းခဲ့ပြီး လွတ်လပ်ရေးတိုက်ပွဲများတွင် ရှေ့တန်းမှပါဝင်ခဲ့သည့်အတိုင်း ၎င်း၏ ဦးဆောင်မှုအောက်တွင် ချင်းမျိုးချစ်ပုဂ္ဂိုလ်များကလည်း နယ်ချဲ့ဆန့်ကျင်ရေးနှင့် ဖက်ဆစ်တော်လှန်ရေး ကာလများတွင် ရွပ်ရွပ်ချွန်ချွန် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့ကြပါကြောင်း။
နောက်ပိုင်းတွင်လည်း ကောင်းတူဆိုးဖက်၊ အေးအတူပူအမျှ ပြည်ထောင်စုကြီးအတွင်း အတူတကွ လက်တွဲပြီး ညီညီညွတ်ညွတ် နေထိုင်ခဲ့ကြသည်ကို တွေ့ရပါကြောင်း၊ ထို့အပြင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ ကျင်းပသည့်အခါတွင်လည်း ချင်းအမျိုးသားများအနေဖြင့် ပါဝင်ဆွေးနွေးလျက်ရှိသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ ယင်းမှာ ပြည်ထောင်စုစိတ်ဓာတ်ပင် ဖြစ်ပါကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ်ကို ချင်းအမျိုးသား မျိုးချစ်ပုဂ္ဂိုလ်များအနေဖြင့် သမိုင်းအစဉ်အဆက် ခေတ်တိုင်းခေတ်တိုင်းတွင် ပြသခဲ့ခြင်းဖြစ်ပါကြောင်း၊ ချင်းအမျိုးသားနေ့ကို နှစ်စဉ်ကျင်းပနိုင်သည်နှင့်အမျှ ချင်းပြည်နယ်၏ ဂုဏ်သတင်းများသည်လည်း သင်းပျံ့နေမည်ဖြစ်ပါကြောင်း၊ ချင်းလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးစံများလည်း တည်တံ့နေမည်ဖြစ်ပါကြောင်း။
၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ဖလမ်းမြို့၌ ကျင်းပသည့် လူထုညီလာခံတွင် ချင်းအမျိုးသားကိုယ်စားလှယ် ၅၀ဝ၀ ကျော်တက်ရောက်ခဲ့ပြီး တိုက်သူကြီး အုပ်ချုပ်သည့်စနစ်မှ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်သို့ ပြောင်းလဲရန် ဆုံးဖြတ်ခဲ့ခြင်းသည် ချင်းအမျိုးသားများအနေဖြင့် ဒီမိုကရေစီစနစ်အပေါ် တန်ဖိုးထားမှုနှင့် ဉာဏ်အမျှော်အမြင် ရှိမှုကို ပြသခဲ့ခြင်းဖြစ်ပါကြောင်း၊ ယင်းမှာ ကမ္ဘာလုံးဆိုင်ရာအမြင်ကို စောစီးစွာ သိမြင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ချင်းအမျိုးသားများအနေဖြင့် ဒီမိုကရေစီကို တန်ဖိုးထားပြီး၊ လူ့အခွင့်အရေးကို လေးစားကြသည်နှင့်အမျှ ဒီမိုကရေစီ အသီးအပွင့်များကို ခံစားလာရပြီး ဖြစ်ပါကြောင်း။
ချင်းပြည်နယ်အတွင်းတွင် မျိုးနွယ်စု ၅၃ စု ရှိသည်ဟု သိရှိရပါကြောင်း၊ မျိုးနွယ်စု အသွင်ကွဲ၊ အဆင်ကွဲများ ရှိနေခြင်းသည် ချင်းပြည်နယ်၏ အလှတရားများပင်ဖြစ်ပါကြောင်း၊ အသွင်ကွဲ၊ အဆင်ကွဲများကို ယခုကဲ့သို့ စုစည်းညီညွတ်အောင် ဆောင်ရွက်နိုင်ခြင်းသည်ပင်လျှင် ချင်းပြည်နယ်၏ စည်းလုံးညီညွတ်မှု အင်အားဖြစ်ပါကြောင်း၊ ထိုအလှတရားများနှင့် စည်းလုံးညီညွတ်မှုကို ဆက်လက်ထိ်န်းသိမ်းပြီး ပြည်ထောင်စုကြီး တည်တံ့ရေးအတွက် ဥမကွဲ၊ သိုက်မပျက် အားလုံးတက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း။
ပြည်ထောင်စုအစိုးရအနေဖြင့်လည်း တိုင်းဒေသကြီး/ပြည်နယ် မခွဲခြားဘဲ ဖွံ့ဖြိုးတိုးတက်မှုကို ဟန်ချက်ညီအောင် ကြိုးပမ်းဆောင်ရွက်နေပါကြောင်း၊ ချင်းပြည်နယ်၏ အလှတရားသည် ချင်းပြည်နယ်တွင်သာမက ပြည်ထောင်စုကြီး၏ အလှတရားဖြစ်အောင်၊ ချင်းပြည်နယ်၏ ဒီမိုကရေစီတန်ဖိုးထားမှုသည် ချင်းပြည်နယ်တွင်သာမက ပြည်ထောင်စုကြီး တစ်ခုလုံးတွင်လည်း ဒီမိုကရေစီ စံချိန်စံညွှန်းများအတိုင်း တန်ဖိုးထားရှိနိုင်အောင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ချင်းပြည်နယ်၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း အစဉ်အလာများ ဖွံ့ဖြိုးတိုးတက်ပြီး မိမိတို့၏ ရိုးရာယဉ်ကျေးမှု မပျောက်ပျက်အောင် မြှင့်တင်ထိန်းသိမ်းရန် လိုအပ်ပါကြောင်း၊ ပြည်ထောင်စုအတွင်းတွင်ရှိသည့် တိုင်းရင်းသားပြည်သူ ညီအစ်ကို မောင်နှမအားလုံးကလည်း မိမိတို့၏ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ ဘာသာစကား၊ စာပေများကို ယခုထက်မက တိုးမြှင့်ပြီး၏ ပြည်ထောင်စုကြီး ၏ အလှကို ဖန်တီးပုံဖော်ပေးကြရန် တိုက်တွန်းနှိုင်းဆော်ပါကြောင်း ပြောကြားသည်။
ထို့နောက် သဘာပတိက (၇၁)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားသို့ အဖွဲ့အစည်းအသီးသီးကပေးပို့သည့် သဝဏ်လွှာများကို မှတ်တမ်းတင်ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည် ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ သဘာပတိအဖွဲ့များနှင့်အတူ စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံရိုက်သည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတနှင့်ဇနီးနှင့် အဖွဲ့သည် (၇၁)နှစ်မြောက် ချင်းပြည်နယ်နေ့အထိမ်းအမှတ် ဌာနဆိုင်ရာပြခန်းများကို ကြည့်ရှုလေ့လာကြသည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် ဟားခါးမြို့ ဝမ္မသူးမောင် အားကစားကွင်း၌ ကျင်းပသည့် ဘွဲတိုင်(ခ)အထွတ်အမြတ်တိုင် စိုက်ထူပွဲသို့ တက်ရောက်ပြီး စိုက်ထူပေးသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်ဇနီးနှင့် ပြည်ထောင်စုဝန်ကြီးများသည် ချင်းရိုးရာယဉ်ကျေးမှုကပွဲတွင် ဒေသခံတိုင်းရင်းသား တိုင်းရင်းသူများနှင့်အတူ ပါဝင်ဆင်နွှဲကြပြီး ဒေသခံတိုင်းရင်းသား တိုင်းရင်းသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့်ဇနီးနှင့် ပြည်ထောင်စုဝန်ကြီးများသည် ချင်းတိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့များ၏ စုပေါင်းဝါးညှပ်အကနှင့် ခေါင်ကျွဲပွဲအား ကြည့်ရှုအားပေးကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီးနှင့်အဖွဲ့သည် ဟားခါးမြို့ ရှုခင်းသာသို့ ရောက်ရှိကြပြီး View Point မှနေ၍ ဟားခါးမြို့၏ ရှုခင်းအလှကို ကြည့်ရှုသည်။
ညပိုင်းတွင် နိုင်ငံတော်သမ္မတနှင့် ဇနီးနှင့် အဖွဲ့သည် ချင်းပြည်နယ် လွှတ်တော်ရုံးဝင်းအတွင်း ကျင်းပသည့် မီးပုံပွဲနှင့် ရိုးရာယဉ်ကျေးမှု ကပြဖျော်ဖြေပွဲသို့ တက်ရောက်သည်။
(သတင်းစဉ်)


