မိတ္ထီလာ  ၂၁  ဖေဖော်ဝါရီ 


မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ရှမ်းတဲ ၊ ရွာသာအေး ကျေးရွာများနှင့် သာစည်မြို့နယ်ရွှေလှံ ၊ ညောင်အိုင်၊ကမ္ဘားမြင့်ကျေးရွာများတွင် ရောင်စုံမေမြို့ပန်းများကိုဒေသခံများက တစ်ပိုင်တစ်နိုင်စိုက်ပျိုးရောင်းချလျက်ရှိကြောင်း သိရသည်။

 

5585

 

“ မေမြို့ပန်းက အနီရောင် ၊ ပန်းနုရောင် ၊ အဖြူရောင် ၊ ခရမ်းရောင် ၊ ကြက်သွေးရောင်စတဲ့အရောင်တွေစုံပြီး ရောင်းတန်းလှတော့ ဒီဘက်ဒေသတွေမှာ ရောင်စုံမေမြို့ပန်းကို တစ်ပိုင်တစ်နိုင်စိုက်ပျိုးပြီးရပ်ကွက်၊ ကျေးရွာဈေးတွေမှာ ကိုယ်တိုင်ပြန်လည်ရောင်းချကြတယ်။ ရောင်စုံမေမြို့ပန်းတွေကဘုရားကပ်လှူပူဇော်တဲ့ ဘုရားပန်းတွေထဲမှာ အိမ်ရှင်မတွေ အကြိုက်များတဲ့ပန်းများဖြစ်ပြီး ပန်းစီးအရွယ်အစားအလိုက် တစ်စီးကိုနှစ်ရာကျပ်၊ ငါးရာကျပ်ကနေ တစ်ထောင်ကျပ် အထိ ရောင်းချကြတာပါ။ မိတ္ထီလာမြို့နယ်ထဲမှာ ရှမ်းတဲ၊ ရွာသာအေး ကျေးရွာ ၊ သာစည်မြို့နယ်ထဲမှာ ရွှေလှံ ၊ ညောင်အိုင် ၊ ကမ္ဘားမြင့်ကျေးရွာတွေမှာ ရောင်စုံမေမြို့ပန်းတွေကို တစ်ပိုင်တစ်နိုင်ရောင်းချဖို့ စိုက်ပျိုးကြပါတယ်” ဟု ရှမ်းတဲကျေးရွာမှ မေမြို့ပန်းစိုက်ပျိုးရောင်းချသည့်ဒေသခံတစ်ဦးက ပြောသည်။
 

မိတ္ထီလာဒေသ၌   ရောင်စုံမေမြို့ပန်းများကို    တစ်ပိုင်တစ်နိုင်ရောင်းချရန်အတွက်    စိုက်ပျိုးရာတွင် ပျိုးထောင်ချိန်မှဈေးကွက်တွင်   ရောင်းချနိုင်သည့်ပန်းပင်အရွယ်အထိ  သုံးလခန့် ရေသွင်းစိုက်ပျိုးကြသည်။  


   
နိုဝင်ဘာ ၊ဒီဇင်ဘာလများတွင် စတင်စိုက်ပျိုးလေ့ရှိကာ ဖေဖော်ဝါရီနှင့် မတ်လများအထိ ပန်းပင်နုတ်၍ရောင်းချကြောင်း သိရသည်။ 

 

ချမ်းသာ ( မိတ္ထီလာ )