ဂန့်ဂေါ ၂၁ ဖေဖော်ဝါရီ
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသော တောင်ခင်ရန်း ကျေးရွာအုပ်စု၊ တောင်ခင်ရန်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း ရာခိုင်နှုန်းပြည့်ပြီးစီး၍ အဆိုပါကျေးရွာရှိ တောင်သူများ၏ လယ်ယာထွက်ကုန်းများ ဈေးကွက်သို့ အချိန်မီ ပေးပို့နိုင်ပြီဖြစ်ကြောင်း သိရသည်။
တောင်ခင်ရန်းကျေးရွာကုန်ထုတ်လမ်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနခွင့်ပြုရန်ပုံငွေကျပ် ၃၉ ဒသမ ၄၆၃၉ သန်းဖြင့် အလျား ၁ မိုင် ၊ အကျယ် ၁၂ ပေ၊ အမြင့် နှစ်ပေထု ကျောက်ရော မြေခင်းခြင်းနှင့် မြေနီကျောက်စရစ် ကိုးလက်မထု ခင်းခြင်းဖြစ်ပြီး မြစ်သာဂန့်ဂေါကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းအားလုံး ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဇေယျ ပြောပြချက်အရ သိရသည်။
"တောင်ခင်ရန်းကျေးရွာဟာ ဂန့်ဂေါမြို့နယ်ရဲ့ ဆီအိုးနှင့် ဆန်အိုးခေါ်တဲ့ ဒေသခေါ် အောက်ကြည်ဒေသတစ်ခုလည်း ဖြစ်ပါတယ်၊ လယ်ယာမြေတွေအလိုက် ဖောက်လုပ်ရတာဖြစ်တဲ့အတွက် လမ်းက အကွေ့အကောက်တွေတော့ရှိပါတယ်။ ယခုလ ကုန်ထုတ်လမ်းဆောင်ရွက်နိုင်မှုကြောင့် ကျေးရွာရှိ တောင်သူဦးရေ (၂၈၀)ဦးရဲ့ လယ်ယာဧက ၉၃၀ ကျော် အကျိုးပြုနိုင်မှာဖြစ်ပြီး လယ်ယာထွက်ကုန်တွေကိုလည်း ကုန်ကျစရိတ်သက်သာစွာ အလွယ်တကူ ထုတ်ယူသယ်ပို့ နိုင်တော့မှာ ဖြစ်တယ်လို့" မြို့နယ်ဦးစီးမှူး ဦးအောင်ဇေယျ ဆက်လက် ပြောပြသည်။
“ကျနော်တို့ ဒီလမ်းက အရင်က လှည်းလမ်းအဆင့်သာရှိပြီး လှည်းနှစ်စီး မျက်နှာချင်းဆိုင်တွေ့ရင် အခက်တွေ့ရပါတယ်၊ ခုတော့လမ်းက အရင်ကထက် ကျယ်ပြီးရှောင်လမ်းတွေပါ ပါတော့ အဆင်ပြေသွားပါပီ၊ လမ်းလုပ်ငန်းဆောင်ရွက်တဲ့ ကုမ္ပဏီကလည်း ဒေသခံကုမ္ပဏီဆိုတော့ ကျနော်တို့ရွာက လုပ်သားတွေပဲငှားပါတယ်၊ အဲဒီတော့ ရွာကလူတွေလည်း ဝင်ငွေရ လမ်းကလည်း ကောင်းဆိုတော့ ပိုပြီးအဆင်ပြေတာပေါ့” ဟု တောင်ခင်ရန်းကျေးရွာနေ တောင်သူ ဦးညိုနုက ပြောသည်။
MDN


