အရာတော် ၂၁ ဖေဖော်ဝါရီ
ယခုနှစ်မှ စတင်၍ တပို့တွဲလပြည့်နေ့ကို မြန်မာသနပ်ခါးနေ့ အဖြစ် သတ်မှတ်ကာ အရာတော်၊ ရွှေဘို၊ ရေစကြို၊ မြိုင် မြို့ တို့တွင် ပထမအကြိမ် မြန်မာ့သနပ်ခါးနေ့ အခမ်းအနားများကို ဖေဖော်ဝါရီ ၁၉ ရက်နေ့ ၊ နံနက်ပိုင်းအချိန်က စတင်ကျင်းပခဲ့ကြောင်း မြန်မာ့သနပ်ခါး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းထံမှ သိရသည်။
အရာတော်၊ ရွှေဘို၊ ရေစကြို ၊မြိုင် မြို့ တို့တွင် ပထမအကြိမ် ကျင်းပသည့် မြန်မာ့သနပ်ခါးနေ့ အခမ်းအနားတွင် ယင်းမြို့လေးမြို့တို့ရှိ တန်းခိုးကြီးဘုရားများ၌ နံနက်ခင်းပိုင်းအချိန်တွင် သနပ်ခါးဖြင့် ဘုရားမီးပူဇော်ခြင်း အခမ်းအနားများ ကျင်းပခဲ့ပြီး၊ ထို့နောက် လာရောက်သည့် ဧည့်ပရိသတ်များကို စတုဒိသာ အကျွေးအမွေးများဖြင့် ဧည့်ခံကျွေးမွေးခြင်းနှင့် သနပ်ခါးနှင့် ပတ်သက်သည့် အသိပညာပေး လက်ကမ်းစာစောင်များ၊ ပိုစတာများ၊ စတစ်ကာများ ဖြန့်ဝေပေးခြင်းနှင့် ညပိုင်းတွင် စာပေဟောပြောပွဲ များဖြင့် စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း မြန်မာ့သနပ်ခါး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းဥက္ကဋ္ဌ ဦးကျော်မိုးက ပြောသည်။
''မြို့လေးမြို့မှာ မြန်မာ့သနပ်ခါးနေ့ ကျင်းပရာမှာ မနက်ပိုင်းမှာ သနပ်ခါးနံ့သာနဲ့ ဘုရားမီးပူဇော်ကြတယ်။ ထမင်းနှဲ စတုဒိသာကျွေးမွေးတာတွေ လုပ်ပါတယ်။အချို့ မြို့နယ်တွေက ထမနဲထိုး ပြိုင်ပွဲတွေပါတယ်။ သနပ်ခါးလိမ်းပြိုင်ပွဲတွေ စတဲ့ အခမ်းအနားတွေ ကျင်းပပါတယ်။''ဟု ၎င်းက ပြောသည်။
မြန်မာ့ ယဉ်ကျေးမှု အမွေအနှစ်ကို အစဉ်ထိန်းသိမ်းနိုင်စေရန်၊ မြန်မာလူမျိုးများသနပ်ခါးကို မြတ်နိုးတန်ဖိုး ထားတတ်လာစေရန်၊ သနပ်ခါးလိမ်းသည့် အလေ့ အကျင့်လေးများ ရှိလာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် မြန်မာ့သနပ်ခါးပွဲတော်များကို ကျင်းပရခြင်းဖြစ်ကြောင်းနှင့် လာမည့် နှစ်များတွင်လည်း တပို့တွဲလပြည့်နေ့တိုင်း မြန်မာ့သနပ်ခါးနေ့ အခမ်းအနားများကို ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာ့သနပ်ခါး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းဥက္ကဋ္ဌ ဦးကျော်မိုးက ပြောသည်။
မြန်မာနိုင်ငံတွင် သနပ်ခါးကို အရာတော်၊ ရွှေဘို၊ ပခုက္ကူ၊ ရေစကြို၊ ပေါက် နှင့် မြိုင် စသည့် မြို့နယ်များတွင် အဓိကထား စိုက်ပျိုးကြကြောင်း၊ ယခုအခါတွင် ပြည်ပမှ သနပ်ခါး အလှကုန်များ ဝင်ရောက်လာသဖြင့် ပြည်တွင်း သနပ်ခါး ဈေးကွက်အတွက် စိန်ခေါ်မှု တစ်ရပ် ဖြစ်နေကြောင်း သိရသည်။
ကိုမင်း(အင်းတော်)


