နေပြည်တော် ၂၁ ဖေဖော်ဝါရီ
၂၀၁၉ မျိုးစေ့ပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စိုက်ပျိုးရေးသိပ္ပံကျောင်းဝန်းအတွင်း၌ ကျင်းပသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးလှကျော်က မျိုးစေ့ထုတ်လုပ်ငန်းများ အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်ပြီး ပြည်တွင်းမျိုးစေ့လိုအပ်ချက်ကို လုံလောက်စွာ ဖြည့်ဆည်းရုံသာမက ပြည်ပသို့ မျိုးစေ့တင်ပို့ရောင်းချနိုင်သည့် Seed Export Country ဖြစ်လာရန် မျိုးစေ့ထုတ်လုပ်ခြင်းလုပ်ငန်းကို တိုးမြှင့်ဆောင်ရွက်ကြရန် လိုအပ်လျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် ကမ္ဘာ့ဘဏ်အဖွဲ့မှ အပြည်ပြည်ဆိုင်ရာ ငွေကြေးကော်ပိုရေးရှင်း(IFC)၊ ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(JICA)၊ ကိုရီးယားနိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (KOICA)နှင့် မျိုးစေ့လုပ်ငန်းရှင်များ၊ တောင်သူများ ပါဝင်သည့် “မြန်မာ့စိုက်ပျိုးရေးကဏ္ဍ သွင်းအားစုများဆိုင်ရာ မူဝါဒများ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဆွေးနွေးပွဲ” ကျင်းပရာ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ပညာရှင်များက မြန်မာ့စိုက်ပျိုးရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးရေးအတွက် မိတ်ဘက်အဖွဲ့အစည်းများ၊ ပညာရှင်များ၊ လုပ်ငန်းရှင်များနှင့် တောင်သူများအချင်းချင်းတို့အကြား ပိုမိုနီးကပ်စွာ လက်တွဲပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာများ၊ လက်ရှိကျင့်သုံးလျက်ရှိသည့် စိုက်ပျိုးရေးသွင်းအားစုများ၏ မူဝါဒများအပေါ်လိုအပ်သည့် ပြောင်းလဲပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရန်နှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ တွေ့ကြုံနေကြရသည့် ပြဿနာများအား ကျော်လွှားနိုင်ရန်လိုအပ်သည့် မူဝါဒဆိုင်ရာ ပြုပြင်ပြောင်းလဲရန် အချက်အလက်များကို ကဏ္ဍအလိုက် အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
အဆိုပါပြပွဲကို မျိုးစေ့ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မျိုးစေ့ထုတ်လုပ်သူနှင့် သုံးစွဲသူ တောင်သူလယ်သမားများအကြား ယုံကြည်မှုတည်ဆောက်ပြီး မျိုးစေ့ပိုမိုသုံးစွဲလာရေး၊ မျိုးစေ့ထုတ်လုပ်ဖြန့်ဖြူးသူ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် တောင်သူများအကြား သတင်းအချက်အလက် ဖလှယ်နိုင်ရန် ၂၀၁၉ မျိုးစေ့ပြပွဲကို စိုက်ပျိုးရေးသိပ္ပံကျောင်းဝန်းအတွင်း၌ ဖေဖော်ဝါရီ ၂၅ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ဌာနဆိုင်ရာ၊ ကုမ္ပဏီနှင့် အဖွဲ့အစည်းများမှ ပြခန်းပေါင်း ၄၄ ခန်းနှင့် မျိုးစေ့၊ ပျိုးပင်များ ခင်းကျင်းပြသထားပြီး သီးနှံအမျိုးပေါင်း ၂၂ မျိုး၏ မျိုးကွဲပေါင်း ၅၉ မျိုးနှင့် မိဘလိုင်း ၁ မျိုး စိုက်ပျိုးပြသထားသည်။
(သတင်းစဉ်)


