မန္တလေး ၂၁ ဖေဖော်ဝါရီ
ယခုနှစ်တွင်ကျင်းပမည့် မန္တလေးသင်္ကြန်ပွဲတော်တွင် ယခင်နှစ်များက စမ်းသပ်တီထွင် ထည့်သွင်းကျင်းပခဲ့သည့် လမ်းလျှောက်သင်္ကြန်၊ တောသင်္ကြန် အစီအစဉ်များအပြင် နှစ်ပေါင်းများစွာ တိမ်မြုပ်ပျောက်ကွယ်နေသည့် ရပ်ကွက်အလိုက် သင်္ကြန်ယိမ်းအက ပြိုင်ပွဲများကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။
''ဒီနှစ်သင်္ကြန်ပွဲတော်မှာ ထူးခြားချက်ကတော့ ရှေးခေတ်မန္တလေးသင်္ကြန်ပွဲတော်ရဲ့ ပုံရိပ်တွေဖြစ်တဲ့ ရပ်ကွက်အလိုက် သင်္ကြန်ယိမ်းအက ပြိုင်ပွဲတွေကိုလည်း ထည့်သွင်းကျင်းပသွားမှာပါ။ ဒါ့အပြင် တိုင်းရင်းသားသွေးချင်းများ စုပေါင်းသင်္ကြန်နဲ့ မြန်မာ့ရိုးရာ အစားအစာတွေကို နေ့ညရောင်းချပေးမယ့် တောသင်္ကြန် အစီအစဉ်တွေလည်း ပါဝင်ပြီး သင်္ကြန်သံချပ် ပြိုင်ပွဲတွေလည်း ပါဝင်မှာပါ။ သင်္ကြန်ယိမ်းအကပြိုင်ပွဲ၊ သံချပ်ပြိုင်ပွဲနဲ့ တိုင်းရင်းသားသွေးချင်းများရဲ့ ရိုးရာယဉ်ကျေးမှုအက ဖျော်ဖြေပွဲတွေကိုတော့ မနော်ရမ္မံသင်္ကြန်မဏ္ဍပ်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်'' ဟု ၎င်းက ပြောသည်။
အဆိုပါပြိုင်ပွဲဝင် သင်္ကြန်ယိမ်းအကအဖွဲ့နှင့် သံချပ်အဖွဲ့များအား ပထမဆု ကျပ် ၁၅ သိန်း၊ ဒုတိယဆု ကျပ် ၁၂ သိန်း၊ တတိယဆု ကျပ် ၁၀ သိန်းနှင့်အတူ အထူးဆု ၇ ဆု သတ်မှတ်၍ ငွေကျပ် ၅ သိန်းနှုန်းဖြင့် မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ်တွင် ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ်တွင် ယခုနှစ် ဧည့်ခံဖျော်ဖြေမှုများအနေဖြင့် လူငယ်များ စိတ်ဝင်စားမှုရှိသည့် အဆိုတော်များဖြစ်သော အောင်ထက်၊ ဂျူရယ်လ်၊ ချစ်ဇွဲသာတို့ကို ဆက်သွယ်ဖိတ်ခေါ်ထားပြီး Shell တေးဂီတအဖွဲ့နှင့် ခင်မြလွင် အမျိုးသမီးဆိုင်းအဖွဲ့ဖြင့် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
ယခုနှစ်သင်္ကြန်ပွဲတော်တွင် ကျုံးပတ်လည်၌ နေရာချထားမည့် ဖျော်ဖြေရေးမဏ္ဍပ်များနှင့် ရေကစားမဏ္ဍပ်များအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ မတ်လအတွင်းကျင်းပမည့် မဟာသင်္ကြန် အစည်းအဝေးအပြီးတွင် စတင်နေရာချထားပေးမည်ဖြစ်ပြီး ယခုနှစ်တွင် ငွေကြေးကို အဓိကမထားဘဲ ဒေသခံပြည်သူများ အားလုံးပါဝင်ဆင်နွှဲနိုင်ရန် ရည်ရွယ်ကာ လမ်းလျှောက် သင်္ကြန်ပွဲတော်အတွက် မဏ္ဍပ်နေရာကောက်ခံမှုကို ယခင်နှစ်ဈေးနှုန်းများထက် လျော့ပေါ့၍ ပေ ၃၀ အကျယ်အဝန်းအတွက် ကျပ် ၁၅ သိန်း၊ ပေ ၂၀ အတွက် ကျပ် ၁၀ သိန်းနှင့် ၁၀ ပေအတွက် ကျပ် ၅ သိန်းနှုန်းဖြင့်သာ ကောက်ခံသွားရန် ရည်ရွယ်ထားကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)၊ ဓာတ်ပုံ - အောင်ဖြိုးကျော်


