ရန်ကုန် ၂၂ ဖေဖော်ဝါရီ
သီရိလင်္ကာနိုင်ငံရှိ မြတ်ဗုဒ္ဓလက်ဝဲဘက် စွယ်တော်အစစ်ထံမှ ရင်ငွေ့လှုံပွား မြတ်စွယ်တော်ပွားအား ဖေဖော်ဝါရီ ၁၂ ရက်နေ့က ရန်ကုန်တောင်ပိုင်းခရိုင် ဒလမြို့နယ် ကျန်စစ်သားရပ်ကွက် အောင်တော်မူ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဘုရားကျောင်းတိုက်သို့ ပင့်ဆောင်ပူဇော်ခဲ့ကြောင်း သိရသည်။
ဗုဒ္ဓမြတ်စွယ်တော်ပွားအား ဒလမြို့နယ်သူ၊ မြို့နယ်သားများ ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် ဒလမြို့နယ် ကမာကဆစ်ရပ်ကွက် အနောက်ကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္ဒ ဦးဧသိက၊ မာတာသွေးလှူရှင်အသင်း နာယက သာသနာ့ဓဇဓမ္မာစရိယ အရှင်တေဇိန္ဒ တို့မှ ဦးဆောင်၍ ယခုအခါ မြို့ပေါ်ရှိ ရပ်ကွက်များသို့ အလှည့်ကျ ပင့်ဆောင်ပြီး လှည့်လည်ပူဇော်ပွဲ ကျင်းပပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။
ဗုဒ္ဓမြတ်စွယ်တော်ပွားကို ဒလမြို့နယ် ကျန်စစ်သားရပ်ကွက် အောင်တော်မူဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဘုရားကျောင်းတိုက်၌ ဒေသခံပြည်သူများနှင့် အနယ်နယ်အရပ်ရပ်မှ ခရီးသွားမိဘပြည်သူများ ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် ရာသက်ပန်တည်ထားပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်လင်းကျော်(ဒလ)


