မန္တလေး ၂၂  ဖေဖော်ဝါရီ 


မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ၏ အမျိုးသားအဆင့် ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ကနောင်ခန်းမ၌ ကျင်းပသည်။ 

 

http://www.mdn.gov.mm/sites/default/files/inline-images/IMG_20190222_101656.jpg


အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက NSSA အနေဖြင့် ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခြင်းလုပ်ငန်းစဉ်သည် NSSA ၏ ပုံရိပ်ဖြစ်ပြီး Focal Ministry ဖြစ်သည့် မိမိတို့ဝန်ကြီးဌာန သာမကပညာရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာန အဖွဲ့ အစည်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများနှင့် တက်ညီလက်ညီကြိုးပမ်း ဆောင်ရွက်မှု၏ ရလာဒ်ကောင်းများအဖြစ် မှတ်ယူနိုင်ကြောင်း၊ မြန်မာ့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်အတွင်း ဦးဆောင်နေကြသည့် Stakeholder များအကြား Collaboration Platform ဖြစ်သော မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan-MSDP 2018-2030) ကို အကောင်အထည် ဖော်ဆောင်ရွက်နေချိန် NSSA ကကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ် ထုတ်ပေးရေးလုပ်ငန်းစဉ်သည် MSDP ပန်းတိုင်၊ နည်းဗျူဟာ၊ လက်တွေ့ လုပ်ငန်းစဉ်များနှင့် ချိတ်ဆက်နေကြောင်း၊ အနာဂတ် ကာလတွင် ဆက်လက်ထုတ်ပေးမည့် အမျိုးသားအဆင့် ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်များသည်အရည်အသွေးရှိသည့် အချက်အလက် အညွှန်းကိန်း (Data Indicator) များဖြစ်၍ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ရာတွင် အရေးပါသော အညွှန်းကိန်း (Indicator) အဖြစ် တွေ့မြင်နိုင်ကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်ခြင်းသည် သက်မွေးပညာနှင့် ကျွမ်းကျင် လုပ်သားများအပေါ် မူတည်နေ၍ အထူးသဖြင့် သက်မွေး ပညာရေးကဏ္ဍ ခိုင်မာအားကောင်းသည့် နိုင်ငံများသည်ကမ္ဘာပေါ်တွင် ချမ်းသာတိုးတက်နေသော နိုင်ငံ အဖြစ်ရပ်တည်နေကြောင်းသည်။  


NSSA သည် စစ်ဆေးအကဲဖြတ်ရေး လုပ်ငန်းစဉ်များ အရှိန်ရလာသည် နှင့်အမျှ ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်ရရှိသူများလာပြီး လုပ်ငန်းစဉ် အရည်အသွေး အာမခံချက် (Quality Assurance) မထိခိုက်စေရန် စီမံဆောင်ရွက်နေကြောင်း၊  NSSA စီမံခန့်ခွဲမှုကို နိုင်ငံတကာ “စံ” နှုန်းများနှင့်အညီ ဆောင်ရွက်နိုင်ရေး ISO 9001: 2015 (QMS) အသိအမှတ် ပြုလက်မှတ်ရယူပြီးဖြစ်ကြောင်း၊ NSSA အနေဖြင့် ခေတ်ကာလနှင့် အညီတိုးတက်လာသော နည်းပညာသတင်းအချက်အလက်များ လျင်မြန်စွာ ဖြန့်ဖြူးနိုင်ရေး လုပ်ထုံးလုပ်နည်းများ လျင်မြန်စေရန် ယခုနှစ်တွင် NSSA Web Portal ကို  အဆင့်မြှင့် တင်နေပြီဖြစ်ကြောင်း ပြောကြားသည်။


ဝန်ကြီးဌာနအနေဖြင့် ကဏ္ဍအသီးသီးရှိ လုပ်ငန်းခွင်များ အေးချမ်းသာယာပြီး ကျွမ်းကျင် လုပ်သားများကြောင့် ကုန်ထုတ်စွမ်းအား တိုးတက်မှု မှတဆင့် ကျွမ်းကျင်မှုအလိုက် လုပ်ခလစာများ ခံစားရရှိကာ လူနေမှုဘဝ အဆင့်အတန်း မြင့်မားစေရန် မျှော်မှန်းဆောင်ရွက်နေရာ ယနေ့ကျင်းပသည့် အမျိုးသားအဆင့် ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲသည် PPP (Public Private Partnership)နှင့် ဖွံ့ဖြိုးရေးမိတ်ဖက် များ၏ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်မှု များကြောင့် ဖြစ်ပေါ်လာသော အသီးအပွင့်ဖြစ်ပြီး ယင်းအသီးအပွင့်များစဉ်ဆက်မပြတ် သီးပွင့် ဝေဆာလာစေရေး ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။


အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးနှင့် အထက်မြန်မာပြည်ရှိ ကဏ္ဍအသီးသီးမှ အလုပ်အကိုင် (၁၂) မျိုးအတွက် ဖြေဆိုအောင်မြင်သည့် လုပ်သား (၇၉၅) ဦးကို ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်များ ပေးအပ်သည်။ ယင်းနောက် ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း (မန္တလေး) အတွက် လျှပ်စစ်နှင့် လေအေးပေးစက် အလုပ်အကိုင်ဆိုင်ရာ စစ်ဆေးအကဲဖြတ် ပစ္စည်းများကို GIZ မှ ထောက်ပံ့ပေးအပ်သည်။ 


NSSA အနေဖြင့် လုပ်ငန်းခွင်တွင်း လုပ်သားများကို ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလလယ်ထိ အလုပ်အကိုင် ကျွမ်းကျင်မှုအလိုက် စစ်ဆေး အကဲဖြတ်ပေးခဲ့ရာ မြန်မာနိုင်ငံ တစ်ဝှမ်း ဖြေဆိုသူ (၁၁၃၃၆) ဦးရှိပြီး အောင်မြင်သူ (၁၁၀၃၇) ဦး အမျိုးသားအဆင့် ကျွမ်းကျင်မှု အဆင့်(၁)နှင့် အဆင့်(၂) အသိအမှတ်ပြု လက်မှတ်များ ပေးအပ်နိုင်ခဲ့ကြောင်း သိရသည်။ 


(သတင်းစဉ်)