မြင်းခြံ ၂၂ ဖေဖော်ဝါရီ
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအထောက်အကူဖြစ်စေရန် ရည်ရွယ်ပြီး မြင်းခြံ ဒီဂရီကောလိပ်မှ ယနေ့ နံနက် ၁၀ နာရီက အခမဲ့လာရောက်ပို့ချဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ တက္ကသိုလ်ဝင်တန်း စာမေးပွဲဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများကို မြင်းခြံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှစီစဉ်ပြီး မြင်းခြံဒီဂရီကောလိပ်မှ တွဲဖက်ပါမောက္ခ ၊ ကထိကများက ပညာဒါန အခမဲ့ လာရောက် ပို့ချသင်ကြားဆွေးနွေးခြင်း ဖြစ်ကြောင်း၊ ယခုလိုပြုလုပ်ပေးရခြင်းမှာ စာမေးပွဲ ဖြေဆိုရာတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေရန်ဖြစ်ကြောင်း ၊ စာမေးပွဲကို ဘာသာရပ်အလိုက် ဖြေဆိုပုံ ဖြေဆိုနည်းများကို သိရှိစေရန် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဒေါ်နန်းမြင့်က ပြောသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲ အထောက်အကူပြု သင်ကြားပို့ချဆွေးနွေးပွဲကို ကျောင်းသားကျောင်းသူ ၈၄ ဦးနှင့် ဆရာ ၊ ဆရာမများ တက်ရောက်ခဲ့ကြပြီး မြန်မာစာ ၊ အင်္ဂလိပ်စာ ၊ သင်္ချာ ၊ ဓာတုဗေဒ ၊ ရူပဗေဒ ၊ ဇီဝဗေဒ နှင့် ဘောဂဗေဒ ဘာသာရပ်များကို နေ့စဉ် နံနက် ၉ နာရီမှစတင်၍ ပို့ချဆွေးနွေးသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဦးဇော်မင်းနိုင် ( မြင်းခြံ )


