ရန်ကုန် ၂၂ ဖေဖော်ဝါရီ
ရန်ကုန်မြို့၊ မူးယစ်ပြတိုက် အစည်းအဝေးခန်းမ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ (၂၂) ကြိမ်မြောက် ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာ၊ တေးသီချင်း၊ ဓာတ်ပုံ၊ ကွန်ပျူတာပိုစတာ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲများ ကျင်းပရေး အကြိုညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ စီမံကိန်းဌာနမှ ဌာနမှူး ရဲမှူးကြီး အုပ်စိုးထွန်း၊ မူးယစ်ပြတိုက်တာဝန်ခံ ဒုတိယရဲမှူးကြီး ဇော်မင်းဦးနှင့် တာဝန်ရှိသူများ၊ အနုပညာ နယ်ပယ်အသီးသီးမှ ပညာရှင်ကြီးများနှင့် အခြားဖိတ်ကြားထားသူများ တက်ရောက်သည်။
အစည်းအဝေးတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ စီမံကိန်းဌာနမှ ဌာနမှူးရဲမှူးကြီး အုပ်စိုးထွန်းမှ အဖွင့်အမှာစကား ပြောကြားခြင်း၊ ပြိုင်ပွဲများ ကျင်းပရေးအတွက် ဆုရွေးချယ်ရေးအဖွဲ့များ ဖွဲ့စည်းခြင်း၊ ပြိုင်ပွဲဆောင်ပုဒ်များ ရွေးချယ်ခြင်း၊ ဆုအမျိုးအစားနှင့် အရေအတွက်များ သတ်မှတ်ခြင်း၊ စာမူနှင့် လက်ရာများပေးပို့ရန် နေ့ရက်များနှင့် အကဲဖြတ်နေ့ရက်များ သတ်မှတ်ခြင်း၊ ပြိုင်ပွဲဖိတ်ခေါ် စည်းကမ်းချက်များ သတ်မှတ်ခြင်းတို့ ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


