နေပြည်တော် ၂၂ ဖေဖော်ဝါရီ
စတုတ္ထအကြိမ် အိန္ဒိယ - အာဆီယံ ကုန်စည်ပြပွဲနှင့် ထိပ်သီးဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့တွင် အိန္ဒိယသမ္မတနိုင်ငံ နယူးဒေလီမြို့၌ ကျင်းပရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက် အမှာစကား ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက အာဆီယံနိုင်ငံများနှင့် အိန္ဒိယနိုင်ငံတို့အကြား ခိုင်မာသော လူမှု-စီးပွားဆိုင်ရာ ပေါင်းစည်းဆက်သွယ် ဆောင်ရွက်မှုသည် ကာလရှည်ကြာ တည်ရှိခဲ့ပြီး ဖြစ်သည့်အတိုင်း အနာဂါတ်တွင်လည်း ဆက်လက်ရှင်သန်ခိုင်မာစေရေး ပူးပေါင်းဆောင်ရွက် သွားကြမည် ဖြစ်ကြောင်း၊ ဒေသတွင်းရှိ မိတ်ဖက်နိုင်ငံများအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်နိုင်ရေးအတွက် အကောက်ခွန်မဟုတ်သော အတားအဆီးများနှင့် အခြားကုန်သွယ်မှုဆိုင်ရာ စိန်ခေါ်မှုများကို ပူးပေါင်းလက်တွဲ၍ ညှိနှိုင်းဖြေရှင်းသွားရမည် ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါကုန်စည်ပြပွဲနှင့် ထိပ်သီးဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့်အတူ ကမ္ဘောဒီးယာနိုင်ငံ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး H.E. Mr. Pan Sorasak၊ အင်ဒိုနီးရှားနိုင်ငံ ကုန်သွယ်ရေးဝန်ကြီး H.E. Mr. Enggartiasto Lukita ၊ အိန္ဒိယ သမ္မတနိုင်ငံ ကူးသန်းရောင်းဝယ်ရေး၊ စက်မှုနှင့်လေကြောင်းပျံသန်းရေး ဝန်ကြီး H.E. Shri Suresh Prabhu၊ ထိုင်းနိုင်ငံ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန Acting Minister H.E. Ms. Chutima Bunyapra- phasara၊ စင်္ကာပူနိုင်ငံ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယ အမြဲတမ်း အတွင်းဝန် Mr. Lee Chuan Teck၊ မလေးရှားနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန အထွေထွေအတွင်းရေးမှူး Dato’ Lokman Hakim bin Ali နှင့် အာဆီယံ အထွေထွေအတွင်းရေးမှူး H.E. Dato Paduka Lim Jock Hoi တို့ အဖွင့်အမှာစကား ပြောကြားကြသည်။
ကုန်စည်ပြပွဲနှင့် ထိပ်သီးဆွေးနွေးပွဲသို့ အာဆီယံနိုင်ငံများမှ ဝယ်ယူသူများ၊ စီးပွားရေး ကိုယ်စားလှယ်များနှင့် ပြပွဲပါဝင်ပြသသူပေါင်း ၂၀ဝ ကျော် တက်ရောက်ခဲ့ပြီး စီးပွားရေး လုပ်ငန်းအချင်းချင်း တွေ့ဆုံဆွေးနွေးမှုနှင့် အစိုးရအချင်းချင်း တွေ့ဆုံဆွေးနွေးမှုများအပြင် အပြည်ပြည်ဆိုင်ရာ ကွန်ဖရင့်နှင့် အလုပ်ရုံဆွေးနွေးပွဲများကိုပါ တစ်ပြိုင်တည်း ကျင်းပမည် ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


