မုံရွာ ၂၃ ဖေဖော်ဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ် လက်ပန်ကုန်းကျေးရွာရှိ မြန်မာမှုပညာရှင် ဆရာပွဲမှ ထုလုပ်လှူဒါန်းသည့် ကမ္ဘာ့အကြီးဆုံး''အဓိကဒုန္ဒုဘ''စည်တော်ကြီးအား အခမ်းအနားများဖြင့် စစ်ကိုင်းမြို့ စူဠာမဏိကောင်းမှုတော် စေတီကြီးသို့ မတ်လ ၁၉ ရက်နေ့အရောက် ပင့်ဆောင်ထားရှိသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဌာနမှ သိရသည်။
၎င်းစည်တော်ကြီးအား သီတဂူဆရာတော်ကြီး ဒေါက်တာအရှင်ဉာဏိဿရ၏သြဝါဒကိုခံယူပြီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် မတ်လ ၁၇ ရက်နေ့တွင် အင်းတော်မြို့မှ ဝန်းသိုမြို့ကို ဖြတ်လျက် ကောလင်းမြို့သို့လည်းကောင်း၊ မတ်လ ၁၈ ရက်နေ့တွင် ကောလင်းမြို့မှ ရွှေဘိုမြို့ သို့လည်းကောင်း၊ မတ်လ ၁၉ ရက်နေ့တွင် ရွှေဘိုမြို့မှ စစ်ကိုင်းမြို့ရှိ စူဠာမဏိကောင်းမှုတော်စေတီ ရှိ စည်တော်ကြီးထားရှိမည့် နေရာသို့ပင့်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
ကမ္ဘာ့အကြီးဆုံး''အဓိကဒုန္ဒုဘ''စည်တော်ကြီးအား အင်းတော်မြို့မှ စစ်ကိုင်းမြို့သို့ ပင့်ဆောင်နိုင်ရေး ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် စစ်ကိုင်းမြို့ စူဠာမဏီကောင်းမှုတော် စေတီဝင်းအတွင်းကျင်းပခဲ့ပြီး ဒုတိယအကြိမ်ညှိနှိုင်းအစည်းအဝေးကိုဖေဖော်ဝါရီလ ၂၂ ရက်နေ့မွန်းလွဲပိုင်းက မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ(၁)တွင် ကျင်းပခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ စည်တော်ကြီးပင့်ဆောင်ရေးဆပ်ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


