မုံရွာ ၂၃ ဖေဖော်ဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြို့တော်ခန်းမရှေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းပညာပေးရေးဆပ်ကော်မတီဦးဆောင်ပြီး ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မုံရွာမြို့နယ် ဆိုင်ကယ်ချစ်သူများအဖွဲ့၊ အရပ်ဘက်အဖွဲ့အစည်းများဖြင့် ဆိုင်ကယ်စီးတိုင်း ဆိုင်ကယ်စီးဦးထုပ်ဆောင်းရေး လှုပ်ရှားမှုအား အပတ်စဉ် စနေနေ့တိုင်း လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
'' အပြစ်ပေးအရေးယူမှုတွေကို အခုလို လုပ်ဆောင်သလို တစ်ဖက်ကလည်း ပြည်သူတွေအနေနဲ့လိုက်ပါလုပ်ဆောင်နိုင်ဖို့ အတွက်ကိုလည်း အခုလို အသိပညာပေးတဲ့လှုပ်ရှားမှုတွေ လုပ်ဆောင်ခြင်းဖြစ်တယ်၊ ဆိုင်ကယ်နဲ့ ပတ်သက်တဲ့ ယာဉ်မတော်တဆမှုတွေမှာ သေဆုံးကြရတဲ့သူတွေကို ကြည့်မယ်ဆိုရင် အများဆုံးက ဦးထုပ်မဆောင်းထားတဲ့အတွက် ဦးခေါင်းကိုထိခိုက်ပြီး အသက်ဆုံးရှုံးရတာတွေများတယ်၊ အခုလို အသိပညာပေး လှုပ်ရှားမှုတွေ လုပ်ဆောင်နေပေမဲ့ ပြည်သူတွေအနေနဲ့ လိုက်နာမှုတွေက နည်းနေသေးတဲ့အတွက် အသိပညာပေးတာတွေကဆက်ပြီး လုပ်ဆောင်နေရအုံးမှာပါ'' ဟု စစ်ကိုင်းတိုင်းဒေသကြီး ယာဉ်စည်းကမ်းလမ်းစည်းကမ်းပညာပေးရေးဆပ်ကော်မတီအတွင်းရေးမှူး ရဲမှူး ကိုကိုနိုင်က ပြောသည်။
ဆိုင်ကယ်စီးတိုင်း ဆိုင်ကယ်စီးဦးထုပ်ဆောင်းရေး လှုပ်ရှားမှုပထမအကြိမ်အဖြစ် ဖေဖော်ဝါရီလ (၂၃)ရက်နေ့နံနက် (၈)နာရီက မုံရွာမြို့ မြို့တော်ခန်းမရှေ့ ဗိုလ်ချုပ်လမ်းမပေါ်တွင် ကျင်းပခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ မုံရွာမြို့နယ် ဆိုင်ကယ်ချစ်သူများအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ၎င်းအဖွဲ့သည် ဗိုလ်ချုပ်ကြေးရုပ်လမ်းဆုံမှ သာစည်လမ်းအတိုင်း ပေ(၈ဝ) လမ်းဆုံအထိလည်းကောင်း၊ ပေ(၈ဝ)လမ်းဆုံမှ ၎င်းအတိုင်း ကျောက္ကာလမ်းဆုံအထိလည်းကောင်း၊ ၎င်းမှ ကျောက္ကာလမ်းအတိုင်း ပြည်ထောင်စုလမ်းဆုံမီးပွိုင့်အထိလည်းကောင်း၊ ပြည်ထောင်စုလမ်းဆုံမီးပွိုင့်မှ ပြည်ထောင်စုလမ်းအတိုင်း မုံရွာတောင်ရပ်ကွက်ရှိ ဘိုးဘွားရိပ်သာအဝိုင်းအထိလည်းကောင်း၊ ၎င်းမှ ဗိုလ်ချုပ်လမ်းမတိုင်း ဗိုလ်ချုပ်ကြေးရုပ်လမ်းဆုံအထိလည်းကောင်း မော်တော်ယာဉ်များ၊ ဆိုင်ကယ်များဖြင့် လှည့်လည် အသိပညာပေးလှုပ်ရှားမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


