ရန်ကုန် ၂၃ ဖေဖော်ဝါရီ 


     
ရှမ်းပြည်နယ် တောင်ကြီးမြို့  အေးသာယာ၊ ပြည်ထောင်စုလမ်းမကြီး တွင် ခုနှစ်ခုမြောက် ဆောက်လုပ်ရေးလုပ်ငန်းသုံး PRO 1 အရောင်းစင်တာကြီးကို လာမည့်မတ် ၃၀ ရက်တွင် ဖွင့်လှစ်သွားမည်ဖြစ်ရာ ဒေသခံပြည်သူ ၂၅၀ ကျော်နှင့်အထက် အလုပ်အကိုင်အခွင့်အလမ်း ကောင်းများရရှိမည်ဖြစ်ကြောင်း သိရသည်။

 

"ဒီလိုဆောက်လုပ်ရေးနဲ့ လူ့အသုံးအဆောင်ပစ္စည်းတွေကို အခုလို ဝန်ဆောင်မှုပေးတာ အိမ်နီးချင်း ထိုင်းနိုင်ငံပြီးရင် ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ဒုတိယအဆင့်မှာရှိပါတယ်။ ဒီလိုကျွန်တော်တို့လုပ်ပြီးကာမှ မလေးရှား/လာအို / ကမ္ဘောဒီးယားစတဲ့ နိုင်ငံတွေက လိုက်ဖွင့်တာပေါ့။ အဓိကကတော့ လူငယ်တွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းကိုဖွင့်ပေးစေချင်တယ်။ ဒီဒေသတွေမှာရှိတဲ့ လူငယ်တွေကိုလည်း အပြည်ပြည်ဆိုင်ရာ လုပ်ငန်းအတွေ့အကြုံတွေ လုပ်ငန်းကြီးတွေမှာ ဆောင်ရွက်နေတဲ့ အတွေ့အကြုံတွေကို ရစေချင်တယ်။ ဒီအတွက်လုပ်သားအင်အားရဲ့ ၉၇ ရာခိုင်နှုန်းက တောင်ကြီးမြို့နဲ့ အေးသာယာ/ရွှေညောင်/ညောင်ရွှေ စတဲ့ ဒေသခံတွေကိုပဲ ခန့်အပ်သွားပြီး အလုပ်ရရှိရေးကို ဆောင်ရွက်သွားမယ်။ အပေါ်ပိုင်းအုပ်ချုပ်/စီမံပိုင်းလောက်ပဲ ရန်ကုန် က စေလွတ်ထားပါတယ်"ဟု PRO 1 အရောင်းစင်တာ(ရန်ကုန်)အခြေစိုက် မန်နေဂျင်းဒါရိုက်တာ ဦးမျိုးထွေး ကပြောသည်။

 

ယင်းအရောင်းစင်တာသည် စတုရန်းပေ ၉၀ဝ၀ဝ ကျော် ကျယ်ဝန်းကြောင်း သိရသည်။ တရုတ်၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဂျပန် နှင့် ယူရို စသော နိုင်ငံများမှ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများနှင့် အိမ်တွင်းအလှဆင် ပစ္စည်းများ၊  အိမ်သုံး အီလက်ထရောနစ်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ အပါဝင်ပစ္စည်း အမျိုးအစားပေါင်း ခြောက်သောင်းကျော်ခန့်အား တစ်နေရာတည်းတွင် တစ်စုတစ်စည်းတည်း ပါဝင်ပြသရောင်း ချသွားမည်ဖြစ်သည်။ အလုပ်သမားအင်အား ၂၅၀  ကျော် အလုပ်ရရှိစေမည့်အပြင် ထိုစင်တာကြီးနှင့် စပ်ဆက်သော အလုပ်သမား ၅၀ဝ ကို အလုပ်ပေးနိုင်မည်ဖြစ်သည်။ ထိုအရောင်းစင်တာကြီးအတွက် အမေရိကန်ဒေါ်လာ ၁၀ သန်းကျော် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဆောက်လုပ်ရေးလုပ်ငန်းသုံး  ပစ္စည်းမျိုးစုံ ပါဝင်သောအရောင်းစင်တာသည် ရန်ကုန် နှင့် မန္တလေး ယခု မော်လမြိုင်၊ တောင်ကြီး ပါဝင်လျှင် ဆိုင်ပေါင်း ခုနှစ်ဆိုင် မြောက်ဖွင့်လှစ်သွားမည်ဖြစ်သည်။ လက်ရှိ စင်တာကြီးခြောက်ခုတွင် ဝန်ထမ်းပေါင်း အယောက်ရေ (၂၀ဝ၀ဝ) ကျော်အား အလုပ်အကိုင် ပေးထားကြောင်း သိရသည်။ 

 

ထပ်မံ၍ လှိုင်သာယာတွင်လည်း ဆိုင်သစ်တစ်ဆိုင် တည်ဆောက်နေပြီး ယခုနှစ်ကုန်ပိုင်းတွင် ဖွင့်လှစ်ရန် ဆောင်ရွက်နေကြောင်း ထို့ပြင် ယခု ၂၀၁၉ ခုနှစ်အတွင်း၌ ပုသိမ် နှင့် ပဲခူးတို့တွင်လည်း ဆိုင်သစ်ထပ်မံဖွင့်လှစ်နိုင်ရေးအတွက် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်စီမံနေကြောင်း သိရသည်။

 

သတင်း- မျိုးမင်းသိန်း(မရမ်းကုန်း)

 

ဓာတ်ပုံ-မျိုးကြီး