မကွေး  ၂၃  ဖေဖော်ဝါရီ


မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ဖေဖော်ဝါရီ ၂၂ ရက် ည ၇ နာရီက မကွေးမြို့တော်ခန်းမတွင် နိုင်ငံတကာသို့ လှည့်လည်ကပြ ဖျော်ဖြေလျက်ရှိသည့် ဂျပန်နိုင်ငံမှ ဂျပန်ရိုးရာအက (Manjushaka) နိုင်ငံတကာ ယဉ်ကျေးမှု ဖလှယ်ရေးအဖွဲ့မှ ရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။
    

ရှေးဦးစွာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဇော်မင်းက အဖွင့်အမှာစကား ပြောကြားပြီး Manjushaka အဖွဲ့ခေါင်းဆောင်မှ အဖွဲ့တည်ထောင်သူ၊ ထုတ်လုပ်သူ၊ ဒီဇိုင်နာ ဒါရိုက်တာ မာမာရိုဆာအကြောင်း မိတ်ဆက် ပြောကြားခဲ့သည်။

 

123


ဆက်လက်၍ Manjushaka အဖွဲ့တွင် ခွန်အားကိုဖြစ်စေသော အကအလှများဖြင့် ကပြဖျော်ဖြေတင်ဆက်သည့် RYUGE အဖွဲ့နှင့် ကြင်နာမှု နူးညံ့မှုများကို တင်ဆက်သည့် Hanatennyo အဖွဲ့ နှစ်ဖွဲ့ပါဝင်ပြီး (၁၇)ရာစုနှောင်းပိုင်းခေတ် ORIREN အက၊ အလွန်အေးသောဒေသမှာ ထွန်းကားခဲ့သည့် Yosare Bushi အက၊ ဟိမေးဂျိရဲတိုက်ကို ထိမ်းမြားလက်ထပ်ချိန်တွင် လမ်းလျှောက်ဝင်မည့် သတို့သမီးရဲ့ Senhime အကအလှ၊ ရွှေရောင်ချယ်ပန်းချီကားပုံပြင်၊ နှစ်ပါးစုံညီအက၊ ဂုဏ်ပြုအရက်ပွဲ Yopp aria အက၊ အာရှရဲ့ ပင်လယ်စောင့်နတ်သမီးအက၊ လူသားတွေငြိမ်းချမ်းပါစေ၊ ကံကောင်းခြင်းများ ဆောင်ယူလာစေရန် တောင်းဆုခြွအေက၊ အိမ်မက်တွေ အကောင်အထည်ဖော်ဖို့ Hanasange အက၊ Ryuge Kagura နဂါးအက၊ ဂျပန်ရိုးရာအကနှင့် နိုင်ငံတကာသို့ သွားရောက်ဖျော်ဖြေရာတွင် လူကြိုက်အများဆုံးဖြစ်သည့် Fukugawa Manbo အကများဖြင့် တင်ဆက်ကပြ ဖျော်ဖြေခဲ့ကြသည်။


ထို့နောက် Manjushaka အဖွဲ့အား ခရီးသွားသံတမန်အဖြစ် ခံအပ်ခြင်း ဂုဏ်ပြုလွှာကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ကိုယ်စား စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဇော်မင်းက ပေးအပ်ပြီး တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းမှ ဂုဏ်ပြုပန်းခြင်းပေးအပ်ကာ ဒေသထွက် လက်ဆောင်ပစ္စည်းကို လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းဦးနှင့် လူမှုရေးဝန်ကြီး ဒါက်တာ ခင်မောင်အေးတို့က ပေးအပ်ခဲ့ကြသည်။


မကွေးမြို့တွင် ကပြဖျော်ဖြေ ခဲ့သော Manjushaka အဖွဲ့သည် ဖေဖော်ဝါရီ ၂၁ ရက်တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ကောင်စီတွင် ကပြဖျော်ဖြေခဲ့ပြီး ဖေဖော်ဝါရီ ၂၂ ရက်တွင် မကွေးမြို့တော်ခန်းမ၌ ကပြဖျော်ဖြေကာ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နှင့် မုံရွာမြို့ကြီးများတွင် ဆက်လက်ကပြ ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။


သန်းနိုင်ဦး(ငဖဲ)

 

123