စစ်တွေ ၂၃ ဖေဖော်ဝါရီ
မြန်မာနိုင်ငံဆရာဝန်အသင်း (ရခိုင်ပြည်နယ်) ပထမအကြိမ် ဆေးပညာညီလာခံ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် စစ်တွေမြို့ အထွေထွေရောဂါကု ဆေးရုံကြီးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဆေးပညာညီလာခံဖွင့်ပွဲတွင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက မြန်မာနိုင်ငံဆရာဝန်အသင်း (ရခိုင်ပြည်နယ်) အသင်းဖွဲ့စည်းဆောင်ရွက်ခဲ့မှု၊ ရခိုင်ပြည်နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်နေမှု၊ UEHRD ၏ ကျန်းမာရေးအဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်အတွင်း ဘူးသီးတောင်မြို့နယ်၊ မောင်တောမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်များတွင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေ၊ ပြည်နယ်အတွင်း မြို့နယ်ပေါင်း ၇ မြို့နယ်တွင် အခမဲ့ခွဲစိတ်ကုသမှုများနှင့် ကျန်းမာရေးစောင့်ရှောက်ခဲ့မှု၊ အခမဲ့မျက်စိခွဲစိတ်ကုသပေးခဲ့မှုနှင့် မြန်မာနိုင်ငံ ဆရာဝန်အသင်း (ရခိုင်ပြည်နယ်) ပထမအကြိမ် ဆေးပညာညီလာခံ ကျင်းပမှုအပေါ် ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။ ဆက်လက်၍ မြန်မာနိုင်ငံဆရာဝန်အသင်း (ဗဟို) ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာဦးရဲမြက မြန်မာနိုင်ငံဆရာဝန်အသင်း ဖြစ်ပေါ်တိုးတက်လာမှု၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းလက်တွဲညှိနှိုင်း ဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံဆရာဝန်အသင်းမှ ပြည်သူများအတွက် ငှက်ဖျားရောဂါတိုက်ဖျက်ရေး၊ တီဘီရောဂါတိုက်ဖျက်ရေး၊ မျိုးပွားပညာနှင့်ပတ်သက်ပြီး ဆောင်ရွက်နေမှုနှင့် အသင်း၏ ဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားသည်။
ထို့နောက် အခမ်းအနား ဒုတိယပိုင်းအဖြစ် မြန်မာနိုင်ငံဆရာဝန်အသင်း (ရခိုင်ပြည်နယ်) ၏ ပထမအကြိမ် ဆေးပညာညီလာခံနှင့် ဆေးဝါးပစ္စည်းပြခန်းများဖွင့်ပွဲကို အထွေထွေရောဂါကုဆေးရုံကြီး ခြံဝင်းအတွင်း၌ ကျင်းပရာ ရခိုင်မင်္ဂလာစည်အဖွဲ့မှ အောင်စည်တီးခတ်ပြီး ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာ၊ မြန်မာနိုင်ငံဆရာဝန်အသင်း(ဗဟို) ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာဦးရဲမြနှင့် ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကြည်လွင်တို့က ပထမအကြိမ် ဆေးပညာညီလာခံနှင့် ဆေးဝါးပစ္စည်းပြခန်းများကို ဖဲကြိုဖြတ်ဖွင့်လှစ်ပေးကြသည်။ ယင်းနောက် ပြည်နယ်လူမှုရေးဝန်ကြီးနှင့် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဆရာဝန်ကြီးများက ဆေးဝါး ပစ္စည်းပြခန်းများကို လှည့်လည်ကြည့်ရှု အားပေးကြသည်။
မြန်မာနိုင်ငံဆရာဝန်အသင်း (ရခိုင်ပြည်နယ်) ပထမအကြိမ် ဆေးပညာညီလာခံကို ဖေဖော်ဝါရီ ၂၃ ရက်မှ ၂၄ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ညီလာခံတွင်း မြန်မာနိုင်ငံအတွင်းရှိ ထင်ပေါ်ကျော်ကြားသည့် ဆရာဝန်ကြီးများက ကျွမ်းကျင်သည့် ဘာသာရပ်များ ဆွေးနွေးပို့ချခြင်းနှင့် ဆေးကုမ္ပဏီများမှ အသစ်ထွက်ရှိသည့် ဆေးဝါးများကို မိတ်ဆက်ဆွေးနွေးခြင်းများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)


