မန္တလေး ၂၃ ဖေဖော်ဝါရီ 
    

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ယနေ့ နံနက် ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ Hotel –Marvel ၌ ကျင်းပသည်။ 
    

နှီးနှောဖလှယ်ပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲပြုလုပ်ခြင်းဖြင့် အလုပ်ရှင်၊ အလုပ်သမားအကြား အငြင်းပွားမှုများကို ဥပဒေနှင့်အညီ လက်တွေ့အကောင်အထည်ဖော် ဖြေရှင်းဆောင်ရွက်နေကြသော  မြို့နယ်ညှိနှိုင်းဖျန်ဖြေရေး အဖွဲ့ဝင်များ၊ ခုံသမာဓိအဖွဲ့ဝင်များ၊ ခုံသမာဓိကောင်စီဝင်များ၏ အငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာ အတွေ့အကြုံများ အပြန်အလှန် ပေါင်းစပ်ဖလှယ်နိုင်သောကြောင့် နောင်တွေ့ကြုံရမည့် အငြင်းပွားမှုများကို ဖြေရှင်းရာတွင် များစွာအထောက်အကူ ဖြစ်စေကြောင်း၊ အငြင်းပွားမှုများအား ထိရောက်စွာ ဖြေရှင်းနိုင်ရေးအတွက် အငြင်းပွားမှုဖြေရှင်းရေး ယန္တရား ခိုင်မာအားကောင်းရန် လိုအပ်သကဲ့သို့ အငြင်းပွားမှု ဖျန်ဖြေဆုံးဖြတ်သည့် အဖွဲ့ဝင်များ၏ စွမ်းဆောင်ရည် အပေါ်တွင်လည်း မူတည်ကြောင်း၊ ၎င်းအပြင် အလုပ်ရှင်နှင့် အလုပ်သမားများသည် တည်ဆဲအလုပ်သမားဥပဒေများကို သိရှိလေးစားလိုက်နာရန်လည်း လိုအပ်ပါကြောင်း၊ ယနေ့ပြုလုပ်သည့် နှီးနှောဖလှယ်ပွဲတွင် ဝိုင်းဝန်းဆွေးနွေးခြင်းဖြင့် အလုပ်ရှင်နှင့် အလုပ်သမား အငြင်းပွားမှုများကို ထိရောက်စွာဖြေရှင်းနိုင်မည့် နည်းလမ်းများနှင့် ဆုံးဖြတ်ချက်ရလဒ်ကောင်းများ ထွက်ပေါ်လာမည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။

 

123


    

အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေအရ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့၊ ခုံသမာဓိအဖွဲ့နှင့် ခုံသမာဓိကောင်စီတို့ဖြင့် အဆင့်ဆင့်ညှိနှိုင်း ဖျန်ဖြေဆုံးဖြတ်ပေးလျက်ရှိရာ ၂၀၁၈ ခုနှစ်အတွင်း ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့များမှ (၁၃၆၀)မှု၊ ခုံသမာဓိ အဖွဲ့များမှ (၁၀၆)မှု၊ ခုံသမာဓိကောင်စီမှ (၆၈)မှုကို ဖြေရှင်းဆောင်ရွက်ပြီးစီးခဲ့သည်ဟု သိရှိရပြီး ယခုကဲ့သို့ နှီးနှောဖလှယ်ပွဲတွင် တွေ့ဆုံဆွေးနွေးခြင်းဖြင့် အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အလုပ်ရှင်နှင့်အလုပ်သမား အငြင်းပွားမှုများကို ထိရောက်စွာ ဖြေရှင်းနိုင်မည့် နည်းလမ်းများနှင့် ဆုံဖြတ်ချက် ရလဒ်ကောင်းများကို သိရှိလာနိုင်ခြင်း၊ အငြင်းပွားမှုနည်းပါးသည့် ဒေသများမှ ကိုယ်စားလှယ်များအနေဖြင့် အငြင်းပွားမှုများပြားသည့် ဒေသမှကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များကို သိရှိလာ၍ အသိအမြင် ဗဟုသုတများ တိုးပွားလာနိုင်ပြီး မိမိတို့ဒေသတွင် ဖြေရှင်းဆောင်ရွက်ရမည်ဆိုပါက သာဓကကောင်းများအနေဖြင့် ကိုးကားနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။ 


(သတင်းစဉ်)

 

123