ရန်ကုန် ၂၃ ဖေဖော်ဝါရီ
Asia and Oceania Federation of Obstetrics and Gynaecology မှ ဥက္ကဌနှင့် အတွင်းရေးမှူး၊ သြစတြေးလျ၊ ဂျပန်၊ ကိုရီးယားနှင့်အိန္ဒိယနိုင်ငံတို့မှ သားဖွားနှင့် မီးယပ်ပညာရှင်ကြီးများ၊ မြန်မာနိုင်ငံမှ သားဖွားနှင့် မီးယပ် ပညာရှင်ကြီးများ ပညာရပ်ဆိုင်ရာဟောပြော ဆွေးနွေးဖလှယ်ကြမည့် “မြန်မာနိုင်ငံ ဆရာဝန်အသင်း၊ သားဖွားနှင့် မီးယပ်ပညာအဖွဲ့၏ (၁၃) ကြိမ်မြောက် နှီးနှောဖလှယ်ပွဲ” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ Novotel Yangon Max Hotel ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက သားဖွားနှင့် မီးယပ်ကျန်းမာရေး ပြဿနာများကို လျော့နည်းသည်ထက် လျော့နည်းစေရေး၊ ပညာရပ်ကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် သားဖွားနှင့် မီးယပ် ပညာရှင်များနှင့် ပြည်သူ့ကျန်းမာရေးပညာရှင်များ ပိုမိုတက်ကြွစွာဖြင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ပြီး အဆိုပါပညာရှင်များပါဝင်သည့် “သားဖွားနှင့်မီးယပ် ပညာဆိုင်ရာ အကြံပေးပညာရှင် များအဖွဲ့”ကိုလည်း ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
ကျေးလက်တောရွာများတွင် မိခင်များနှင့် ကလေးငယ်များ၏ ကျန်းမာရေးအတွက် သားဖွားဆရာမများ၏ အခန်းကဏ္ဍသည် လွန်စွာအရေးကြီးသည့်အတွက် ဝန်ကြီးဌာနအနေဖြင့် သားဖွားနှင့် မီးယပ်ပညာအဖွဲ့နှင့် ပိုမိုလက်တွဲပူးပေါင်းကာသူနာပြုနှင့် သားဖွားပညာရပ်များ စဉ်ဆက်မပြတ် သင်ကြားနိုင်ရေးလုပ်ငန်းများအပါအဝင် သားဖွားဆရာမများ၏ စွမ်းဆောင်ရည်ပိုမိုမြင့်မားရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ မျိုးဆက်သစ်ပညာရှင်များအနေဖြင့် နှီးနှောဖလှယ်ပွဲတွင် နိုင်ငံတကာနှင့်မြန်မာနိုင်ငံမှ ဝါရင့်ပညာရှင်ကြီးများထံမှ အတွေ့အကြုံနှင့် အမြင်များရယူဖလှယ်နိုင်ခြင်း၊ ခေတ်မီနောက်ဆုံးပေါ် ကုထုံးများကို သိရှိနိုင်ခြင်းနှင့် ပညာရှင်များ အကြားတွင် လည်းကောင်း၊ တက္ကသိုလ်များအကြားတွင်လည်းကောင်း ကွန်ရက်ချိတ်ဆက် ဆောင်ရွက်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်သဖြင့် ယခုနှီးနှောဖလှယ်ပွဲသည် အထူးအရေးကြီးပါကြောင်းနှင့် အကျိုးရှိထိရောက်စွာ အသုံးချစေလိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံဆရာဝန်အသင်း၊ သားဖွားနှင့်မီးယပ်ပညာအဖွဲ့၏ (၁၃) ကြိမ်မြောက်နှီး နှောဖလှယ်ပွဲ ဖြစ်မြောက်ရေးကော်မတီ ဒုတိယဥက္ကဌ ပါမောက္ခဒေါက်တာအေးအောင်က နှုတ်ခွန်းဆက်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံဆရာဝန်အသင်း ဥက္ကဌ၏ နှုတ်ခွန်းဆက်သဝဏ်လွှာကို ဖတ်ကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် နှီးနှောဖလှယ်ပွဲအထိမ်းအမှတ် ဆေးနှင့်ဆေးပစ္စည်းပြခန်းများကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အဆိုပါပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဓာတ်ခွဲ)၊ တာဝန်ရှိသူများပါဝင်၍ အမေရိကန်နိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာန (ရုံးချုပ်) မှ အပြည်ပြည်ဆိုင်ရာ ဓာတ်ခွဲခန်းများအသိအမှတ်ပြုရေးဌာန၊ ညွှန်ကြားရေးမှူး Dr. David K. Turgeon နှင့် မြန်မာနိုင်ငံဆိုင်ရာဌာနေ ညွှန်ကြားရေးမှူး Dr. Mitesh Desai တို့ပါဝင်သောအဖွဲ့နှင့် ဗဟန်းမြို့နယ်၊ အနောက်မြင်းပြိုင်ကွင်းလမ်းရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ရိပ်သာ၌ မြန်မာနိုင်ငံ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (National Health Laboratory)အား နိုင်ငံတကာ အဆင့်မီ အသိအမှတ်ပြုနိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ အသေးစိတ်ညှိနှိုင်းဆွေးနွေးကြသည်။
(သတင်းစဉ်)


