ရန်ကုန် ၂၃ ဖေဖော်ဝါရီ
ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်ရှိ ဆူးလေဘုရားလမ်းမကြီးပေါ်၌ ယနေ့ နံနက်ပိုင်းက Line Walker-2 ရုပ်ရှင်ဇာတ်ကား ဇာတ်ဝင်ခန်းအချို့ ဆက်လက်ရိုက်ကူးလျက်ရှိသည်။
ယနေ့ရိုက်ကူးရာတွင် ရဲတပ်ဖွဲ့နှင့် ဒုစရိုက်ဂိုဏ်းသားများ အပြန်အလှန် သေနတ်ပစ်ခတ်မှုများ၊ ရဲတပ်ဖွဲ့ဝင်များကို မော်တော်ယာဉ်များဖြင့် ဝင်ရောက်တိုက်ခိုက်မှုများ စသည့် ဇာတ်ဝင်ခန်းများ ပါဝင်သည်။
ဇာတ်ဝင်ခန်းပါ လက်နက်၊ ခဲယမ်းများနှင့် ပတ်သက်၍ Yangon Synthesis Productions ကုမ္ပဏီ၏ အကြံပေးပုဂ္ဂိုလ် က “သူတို့လက်နက်ကို သွင်းယူလာတာကနေ ရဲစခန်းမှာ ထိန်းချုပ်ပေးပြီး ထုတ်ပေးသည်အထိ ရှင်းပြခဲ့ပြီးပါပြီ။
လက်နက်တွေက ပြင်ပပြောနေတဲ့ ကောလာဟလတွေက မှားယွင်းနေတာလေးတွေ ပါနေတယ်။ လက်နက်အစစ်ဆိုတာ မှန်တော့ မှန်တယ်၊ အလေးချိန်တွေ၊ သူ့ရဲ့စက်အစိတ်အပိုင်း လှုပ်ရှားမှုတွေ အကုန်လုံးက လက်နက်အစစ်ပဲ။
သို့သော်လည်း ဒါက ရုပ်ရှင်ရိုက်ကူးရေးမှာ အသုံးပြုဖို့အတွက် အထူးထုတ်လုပ်ထားတဲ့ လက်နက်အမျိုးအစား ဖြစ်ပါတယ်။ ဒါတွေက ဟောလိဝုဒ်တို့ အပါအဝင် နိုင်ငံတကာ ရုပ်ရှင်လောကမှာ သုံးနေတာတော့ကြာပြီ။ ကျွန်တော်တို့ဆီမှာတော့ အသုံးမပြုသေးဘူး။ ဒီလက်နက်တွေက ရုပ်ရှင်ရိုက်ကူးဖို့ အထူးထုတ်လုပ်ထားတာ ဖြစ်တဲ့အတွက် ဗလာကျည်နဲ့ပဲ ထည့်ပစ်လို့ရတယ်။ ဗလာကျည်နဲ့ ပစ်လိုက်တဲ့ကျည်က ထိပ်ဖူးမပါဘူး။
ကျည်စစ်ကျည်မှန်နဲ့ ပစ်သကဲ့သို့ သူ့ရဲ့မောင်းပြန်ကန်အားတွေ၊ ပုံစံတူဖြစ်အောင် အကုန်လုပ်ထားတာ။ ရှေ့ဘက်ကနေ မီးထွက်တာကအစ အတူတူပဲ။ သို့သော် လူကို အန္တရာယ်ဖြစ်စေနိုင်တဲ့ ခဲယမ်းကို ထည့်ပစ်လိုက်မယ်ဆိုရင် အထဲဘက်ကပြောင်းက မခံနိုင်ဘူး၊ ပေါက်ကွဲထွက်သွားလိမ့်မယ်။ ပစ်လို့မရအောင်ကို လုပ်ထားတာ။ ဒါသည် ရုပ်ရှင်ရိုက်ကူးရေးအတွက် ထုတ်လုပ်တာဖြစ်တဲ့အတွက် ကျည်ဖူးထည့်ပစ်လို့ မရပါဘူး။ ဗလာကျည်နဲ့ပစ်တာ ဖြစ်ပါတယ်။ ဒါဟာ ပတ်ဝန်းကျင်ကို တည့်တည့်ချိန်ပစ် သော်ငြားလည်း သတ်မှတ်ထားတဲ့ အကွာအဝေးကနေပစ်ရင် ပတ်ဝန်းကျင်ကို အန္တရာယ်မဖြစ်စေနိုင်ပါဘူး။ ဒါ အသုံးပြုတဲ့ လက်နက်ရဲ့ ဘေးကင်းလုံခြုံမှုပါပဲ။
ဒီလက်နက်တွေက သူတို့ဆီမှာ ကျွမ်းကျင်တဲ့လက်မှတ်ရတဲ့ လူတွေကိုင်တာ၊ ဒီလက်နက်တွေကို လိုင်စင်ရှိပြီးသားသူတွေက ရုပ်ရှင်ရိုက်ကူးရေးအတွက် ငှားရမ်းတဲ့ လုပ်ငန်းကိုလုပ်တာ။ အဲဒီတော့ ဒီလုပ်ငန်းတစ်ခုကို ငှားရမ်းလိုက်ပြီဆိုတာနဲ့ အခကြေးငွေယူပြီး အကုန်လိုက်ပါ ဆောင်ရွက်ပေးတယ်။ အဲဒီလက်နက် ငှားရမ်းတဲ့လူတွေ ကိုယ်တိုင်သည်ပင် သူတို့အကုန်လုံး အနီးကပ်ပါလာတယ်။
ပြီးတော့ သူတို့က လက်နက်ကို ဘယ်လို ပစ်ရတယ်၊ ဘယ်လိုကိုင်ရတယ်၊ ဘယ်လိုလုပ်ရတယ်၊ ဘယ်လို ထိန်းသိမ်းရတယ်ဆိုတဲ့ သဘောတရားကို သိနေပြီး သားဖြစ်တဲ့အတွက် လက်နက်ပစ်ခါနီး ကျည်ထိုးပေးတာတို့၊ လုံခြုံမှု ခလုတ်ကို ပိတ်တာ၊ ထိန်းတာတွေကအစ စနစ်တကျ အကုန်လုံး အနီးကပ်ဆောင်ရွက်ပေးတာ ဖြစ်တဲ့အတွက် လက်နက်ထိန်းသိမ်းမှုနဲ့ပတ်သက်ပြီး လုံခြုံမှုရှိပါတယ်။ တစ်နည်းအားဖြင့် လက်နက်ကို ပစ်စလက်ခတ် ကိုင်နေတာလား၊ ဘယ်လို ကျွမ်းကျင်မှုတွေနဲ့ ကိုင်ရသလဲဆိုတဲ့ အသိကိုပါ သိဖို့လိုပါတယ်”ဟု ပြောသည်။
ယနေ့ နံနက် ၈ နာရီမှစပြီး ညနေ ၅ နာရီအထိ ရိုက်ကူးရေးအတွက် ဇာတ်ဝင်ခန်း အပြင်အဆင်များနှင့်အတူ အက်ရှင်ဇာတ်ဝင်ခန်းအချို့ကို ရိုက်ကူးရေးအဖွဲ့သားများက တက်တက်ကြွကြွဖြင့် ရိုက်ကူးလျက်ရှိသည်ကို တွေ့ရသည်။
ရန်ကုန်မြို့လယ်ကောင် ဆူးလေဘုရားလမ်းမကြီးပေါ်တွင် ရိုက်ကူးနေသည့် ဇာတ်ဝင်ခန်းအချို့ကို စိတ်ဝင်စားစွာ လာရောက်လေ့လာကြည့်ရှုသူ ပြည်သူအများအပြား ရှိခဲ့သည်။ အဆိုပါဇာတ်ကားကို ယနေ့မှစ၍ ဖေဖော်ဝါရီ ၂၆ ရက်အထိ ရိုက်ကူးသွားမည်ဖြစ်ပြီး ရိုက်ကူးရာတွင် အပြန်အလှန် သေနတ်ပစ်ခတ်မှု၊ မော်တော်ကားများ အပြိုင်မောင်းနှင်မှု စသည့် ဇာတ်ဝင်ခန်းများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ဆူးလေဘုရားလမ်းမကြီးအနီး ရိုက်ကူးရေးပြုလုပ်နေစဉ်အတွင်း နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ယာဉ်များကို သတ်မှတ်လမ်းကြောင်းများအတိုင်း လမ်းပိတ်လမ်းလွှဲများ ပြုလုပ်ထားသည်။
ရန်ကုန်မြို့၌ Line Walker-2 ရုပ်ရှင်ဇာတ်ဝင်ခန်းများ ရိုက်ကူးဆောင်ရွက်ရာတွင် အချိန်ပိုင်း လမ်းပိတ်ဆို့မှုများကြောင့် အများပြည်သူသွားလာမှု အဆင်မပြေဖြစ်ခဲ့ပါက သည်းခံခွင့်လွှတ်ပေးပါရန် အဆိုပါရုပ်ရှင်ရိုက်ကူးရေးအတွက် မြန်မာနိုင်ငံဘက်မှ တာဝန်ယူဆောင်ရွက်နေသည့် Yangon Synthesis Productions ကုမ္ပဏီက မေတ္တာရပ်ခံထားကြောင်း သိရသည်။
(သတင်းစဉ်)


