ဂူဂျာရတ် ဇန်နဝါရီ ၁၉
အိန္ဒိယနိုင်ငံ အနောက်ပိုင်း ပြည်နယ်တစ်ခုဖြစ်သည့် ဂူဂျာရတ်ပြည်နယ် ဗာဒိုဒါရာဒေသ ဟာနီရေကန်တွင် ဇန်နဝါရီ ၁၈ ရက်က ကိုယ်ပိုင်ကျောင်း တစ်ကျောင်းက စီစဉ်သော လေ့လာရေးခရီးစဉ်အတွင်း လှေတစ်စင်းနစ်မြုပ်ခဲ့ရာ ကျောင်းသားလူငယ် အများစုအပါအဝင် ၁၂ ဦးထက်မနည်း ရေနစ်ခဲ့ပြီး ကျောင်းသားလူငယ်သုံးဦးနှင့် ဆရာ ဆရာမ နှစ်ဦး သေဆုံးခဲ့ကြောင်း အရာရှိများကပြောသည်။
အမျိုးသား သဘာဝဘေးအန္တရာယ်တုံ့ပြန်ရေးတပ်ဖွဲ့က လှေနစ်မြုပ်ချိန်တွင် လှေပေါ်၌ လူ ၂၇ ဦး ဝန်းကျင်လိုက်ပါလာခဲ့ကြောင်း ပြောသည်။ ကလေး ၁၉ ဦးနှင့် ဆရာ ဆရာမ လေးဦးကို လှေနစ်မြုပ်မှုမှ ကယ်ဆယ်နိုင်ခဲ့သော်လည်း ပျောက်ဆုံးနေသော ကျောင်းသားလူငယ်လေးဦးကို ဆက်လက်ရှာဖွေ လျက်ရှိသည်။
ရေနစ်သူများကို အလျင်အမြန် ပို့ဆောင်ခဲ့သော အက်စ် အက်စ်ဂျီဆေးရုံက အသက် ၁၅ နှစ်အရွယ် ကျောင်းသားတစ်ဦး၊ ကျောင်းသူနှစ်ဦးနှင့် အသက် ၄၅ နှစ်အရွယ်ဆရာ ဆရာမ နှစ်ဦးကို သေဆုံးလျက်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း အတည်ပြုခဲ့သည်။ အသက် ၁၃ နှစ်အရွယ် ကျောင်းသားတစ်ဦးကို အရေးပေါ်ဆေး ကုသမှုများ ပြုလုပ်ပေးရသည်။ ရေကန်အောက်ခြေတွင် နုန်းများ ထူထပ်နေခြင်းက ကယ်ဆယ် ရေးလုပ်ငန်းများကို အခက်တွေ့စေကြောင်းနှင့် တချို့ရေနစ်မြုပ်သူများ နုန်းအောက်တွင် နစ်မြုပ်နိုင်သည့်အပေါ် စိုးရိမ်လျက်ရှိကြောင်း အမျိုးသား သဘာဝဘေးအန္တရာယ် တုံ့ပြန်ရေးတပ်ဖွဲ့က ပြောသည်။
ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗူပန်ဒရာ ပါတယ်က လူမှုကွန်ရက် စာမျက်နှာဖြစ်သော အိက်စ်ပေါ်တွင် လှေနစ်မြုပ်သည့် ဖြစ်ရပ်သည် အလွန်ပူဆွေးဝမ်းနည်းဖွယ်ဖြစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
လှေနစ်မြုပ်မှုတွင် သေဆုံးခဲ့သော အပြစ်ကင်းသည့် ကလေးများ၏ စိတ်ဝိညာဉ်များအတွက် ဆုတောင်းမေတ္တာများ ပို့သပါကြောင်းနှင့် ယခုအချိန်တွင် နာကျင်ကြေကွဲနေသည့် မိသားစုများထံ ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ကြောင်းနှင့် ယခုခံစားနေရသည့် ဝေဒနာများကို သက်သာဖြေသိမ့်ရန် ဘုရားသခင်က ခွန်အားများ ပေးသနားတော် မူပါစေဟု ဆုတောင်းပေးခဲ့သည်။
ဆင်ဟွာ
သည်အင်ဒီးယန်းအိတ်စ်ပရက်စ်


