ဆင်ပေါင်ဝဲ  ၂၄  ဖေဖော်ဝါရီ

 

မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်ရှိ ကျေးရွာ (၁၀)ရွာ၌ နွေရာသီ သောက်သုံးရေဖူလုံစွာ ရရှိရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  အဝီစိစက်ရေတွင်း (၉)တွင်း တူးဖော်လျက်ရှိရာ ယခုအခါ စက်ရေတွင်း (၃)တွင်း တူးဖော်ပြီးစီး၍ စင်မြင့်ရေစင်၊ ရေစက်ရုံ တည်ဆောက်ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

23300

 

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ဆင်ပေါင်ဝဲမြို့နယ်အတွင်း ကျေးရွာ(၉)ရွာ၌ သောက်သုံးရေ ရရှိရေးအတွက် ငွေကျပ် ၁၈၃ ဒသမ ၂ သန်း အကုန်အကျခံ၍ တွင်းနက်စက်ရေတွင်း (၉)တွင်းတူးဖော်ခြင်း၊ အမြင့် ၂၀ ပေရှိ ဂါလံ ၂၄၀ဝ ဆံ့ စင်မြင့်ရေစင် (၉)ခုတည်ဆောက်ခြင်း၊  အလျား ၁၀ ပေ၊ အနံ ၈ ပေ၊ အမြင့် ၈ ပေရှိ ရေစက်ရုံ(၉)ခု ဆောက်လုပ်ခြင်း လုပ်ငန်းများကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှစပြီး ဆောင်ရွက်လျက်ရှိရာ ယခုအခါ ထောက်မကျေးရွာ၊ ဇိမ့်ကျေးရွာ၊ အင်ရုံကျေးရွာတို့တွင် စက်ရေတွင်း တူးဖော်ပြီးစီး၍ စင်မြင့်ရေစင်၊ ရေစက်ရုံ တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကာ ကျန်ရှိနေတဲ့ စက်ရေတွင်းများကိုလည်း လာမည့် ဧပြီလကုန်တွင် အပြီးဆောင်ရွက်သွားမည် ဖြစ်ကြောင်း  မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းဦးက ပြောသည်။

 

“ကျနော်တို့ ဌာနအနေနဲ့တော့ ကျေးလက်ဒေသများတွင် သန့်ရှင်းသော သောက်သုံးရေရရှိရေးကို ဦးစားပေး ဆောင်ရွက်နေပါတယ်။ သောက်သုံးရေ ရှားပါးနိုင်တဲ့ ကျေးရွာတွေကိုတော့ သက်ဆိုင်ရာ မြို့နယ်လွှတ်တော်ကိုယ်စားလှယ်တွေ၊ မြို့နယ်စီမံခန့်ခွဲရေး ကော်မတီတွေနဲ့ ဦးစားပေးအလိုက် ရွေးချယ်ပြီး ရေရှားပါးပြတ်လပ်မှု မရှိစေရေး ကြိုးစားဆောင်ရွက်နေပါတယ်” ဟု မြို့နယ်ဦးစီးမှူးက ပြောသည်။

 

အဆိုပါ စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်းအားလုံး ဆောင်ရွက်ပြီးစီးပါက ကျေးရွာ(၉)ရွာရှိ အိမ်ခြေ(၂၁၇၃)၊ လူဦးရေ (၉၆၈၅)ဦးနှင့် ကျွဲ၊ နွား တိရစ္ဆာန်များ သောက်သုံးရေ ဖူလုံစွာ ရရှိမှာဖြစ်ကြောင်း သိရသည်။

 

သန်းလွင်(မကွေး)