မကွေး ၂၄ ဖေဖော်ဝါရီ
ပထမအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော်၌ ဥပဒေ (၃၀)ခု၊ နည်းဥပဒေ(၅)ခု အတည်ပြုပြဋ္ဌာန်းခဲ့ပြီး အစိုးရသစ်လက်ထက် သုံးနှစ်တာကာလအတွင်း ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော်မှ ဥပဒေ (၁၇)ခု၊ နည်းဥပဒေ (၆)ခု ပြဋ္ဌာန်းခဲ့ကာ ဆွေးနွေးဆဲဥပဒေ (၂)ခု၊ ဆောင်ရွက်ဆဲ နည်းဥပဒေ (၂)ခုရှိကြောင်း မကွေးတိုင်းဒေသကြီး လွှတ်တော်မှ သိရသည်။
ထုတ်ပြန်ခဲ့သော ဥပဒေများတွင် ဘဏ္ဍာရေးဆိုင်ရာ ဥပဒေ(၈)ခု၊ ဒေသန္တရ စီမံကိန်းဆိုင်ရာ ဥပဒေ(၄)ခုနှင့် မကွေးတိုင်းဒေသကြီး ပုဂ္ဂလိကပိုင် လုပ်ငန်းသုံးမော်တော်ယာဉ်များ စနစ်တကျ ပြေးဆွဲရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ၊ ဓာတ်မြေသြဇာများ စနစ်တကျ သုံးစွဲရေးနှင့် သဘာဝမြေသြဇာများ စနစ်တကျ ထုတ်လုပ်သုံးစွဲရေးဥပဒေ၊ မကွေးတိုင်းဒေသကြီး အိမ်တွင်း စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ၊ ပြတိုက်စာကြည့်တိုက်ဥပဒေ၊ ဂုဏ်ထူးဆောင် လက်မှတ်များနှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ချီးမြှင့်အပ်နှင်းခြင်းဆိုင်ရာ ဥပဒေတို့ ပါဝင်သည်။
“လွှတ်တော်ဆိုတာ ဒီမိုကရေစီရဲ့ အခြေခံဖြစ်သလို ဒီမိုကရေစီရဲ့ အရေးကြီးဆုံး အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ လွှတ်တော်တွေအားကောင်းမှ ဒီမိုကရေစီ အားကောင်းပါမယ်။ အထူးသဖြင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ဦးတည်ပြီး ကြိုးပမ်းနေတဲ့ ယနေ့လို အချိန်အခါမျိုးမှာ ဒေသန္တရလွှတ်တော်တွေ အားကောင်းရေးဟာ အလွန်ပင် အရေးကြီးပါတယ်။ ပြည်သူလူထုအတွက် အကျိုးရှိ၊ အကျိုးဖြစ်ထွန်းတဲ့ ဥပဒေတွေများ ပြဋ္ဌာန်းနိုင်ဖို့ အစဉ်ရှေးရှု ဆောင်ရွက်လျက်ရှိတယ်” ဟု မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းက ပြောသည်။
ထုတ်ပြန်ပြီး နည်းဥပဒေများမှာ မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့များ လမ်းနှင့် တံတားဆိုင်ရာ နည်းဥပဒေ၊ မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့များ အဆောက်အဦဆိုင်ရာ နည်းဥပဒေ၊ မကွေးတိုင်းဒေသကြီး ပုဂ္ဂလိကပိုင် ရေယာဉ်များ စနစ်တကျ ပြေးဆွဲရေးဆိုင်ရာ နည်းဥပဒေ၊ မကွေးတိုင်းဒေသကြီး ဆိပ်ကမ်းများ၊ သင်္ဘောဆိပ်များ၊ ဆိပ်ခံများ နည်းဥပဒေ၊ ရေချိုငါးလုပ်ငန်း နည်းဥပဒေ၊ မကွေးတိုင်းဒေသကြီး မီးဘေးနှင့် သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ရေး နည်းဥပဒေတို့ ဖြစ်သည်။
၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်မှ စတင်တာဝန်ယူခဲ့သည့် ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အနေဖြင့် သုံးနှစ်တာ ကာလအတွင်း ပုံမှန်အစည်းအဝေး (၁၁)ကြိမ်၊ အထူးအစည်းအဝေး (၇)ကြိမ်၊ အရေးပေါ်အစည်းအဝေး (၄)ကြိမ် စုစုပေါင်း (၂၂)ကြိမ် ကျင်းပခဲ့ပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက အဆို (၃၅)ခု၊ အရေးကြီးအဆို (၂)ခု၊ ကြယ်ပွင့်ပြမေးခွန်း (၉၅၈)ခု၊ ကြယ်ပွင့်မပြမေးခွန်း (၂၂၁)ခု မေးမြန်းခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။
ဇေယျတု(မကွေး)


