ကျောက်မဲ ၂၄ ဖေဖော်ဝါရီ

 

ဝက်သက်ဂျိုက်သိုးရောဂါ ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျောက်မဲခရိုင်၊ ရဲတပ်ဖွဲ့မှူးရုံး၊ ရဲကျော်စွာခန်းမ၌ ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၁၀ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ရာ ရဲမှူးကျော်သက်ထွန်းနှင့် ရဲတပ်ဖွဲ့ဝင်မိသားစုများ တက်ရောက်ခဲ့သည်။

 

22

 

ဟောပြောပွဲတွင် ကျောက်မဲခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာနန်းရီလှိုင်ဦးက ဝက်သက်ရောဂါသည် ကလေးများတွင် အဖြစ်များကြောင်း၊ ဝက်သက်ရောဂါ ဗိုင်းရပ်ပိုးသည် လူတစ်ဦးနှင့်တစ်ဦး ကူးစက်မှုမြန်ဆန်ကြောင်း၊ ဝက်သက်ရောဂါ ရောဂါလက္ခဏာများမှာ ဖျားခြင်း၊ ခန္ဓာကိုယ် အနှံ့အပြားတွင် အနီစက်၊ အနီရောင်အဖုအပိန့်တို့ ထွက်ပေါ်လာခြင်း၊ ချောင်းဆိုးခြင်း၊ နှာရည်ယိုခြင်း၊ မျက်လုံးနီ၍ မျက်ဝက်ထွက်ခြင်း၊ ပါးစောင်တွင် အဖြူရောင် အစက်ကလေးများ ဖြစ်ပေါ်လာခြင်းတို့ဖြစ်ပြီး ၎င်းကဲ့သို့ ဖြစ်ပေါ်လာပါက နီးစပ်ရာ ကျန်းမာရေးဆေးခန်းသို့ ချက်ချင်းသွားရောက် ဆေးကုရန်လိုအပ်ကြောင်း၊ ဝက်သက်ရောဂါ မဖြစ်ပွားစေရေးအတွက် ကာကွယ်ဆေးကို ကလေးငယ်များ၏ အသက် ၉ လ အရွယ်တွင် ၁၈ လအရွယ်တွင် ဒုတိယအကြိမ် ထိုးနှံရန်လိုအပ်ကြောင်း အသိပညာပေး ဟောပြောခဲ့သည်။

 

အလားတူ ကျောက်မဲမြို့မရဲစခန်း၌လည်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာအိမွန်စိုးက အသိပညာ ဟောပြောခဲ့ကြောင်း ကျောက်မဲခရိုင် (ပြန်/ဆက်)မှ သိရှိရသည်။

 

MDN