မန္တလေး ၂၄ ဖေဖော်ဝါရီ
ပန်းလှိုင်စီလုံဆေးရုံ ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၉ နာရီက မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၇၃ လမ်းနှင့် ၃၁ လမ်းနှင့် ၃၂ လမ်းကြားရှိ အဆိုပါဆေးရုံရှေ့တွင် ကျင်းပသည်။
ရှေးဦးစွာ Serge Pun & Associate Co.Ltd ၏ Senior Director, Deputy Head of Government Relation ဒေါက်တာရဲမိုးမြင့်က အဖွင့်အမှာစကားပြောကြားရာတွင် ပန်းလှိုင်စီလုံဆေးရုံ(မန္တလေး)ကို ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြင့် မြန်မာနိုင်ငံသားများအတွက် နိုင်ငံတကာအဆင့်အတန်းမီ အရည်အသွေးမြှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးမည့် နောက်ထပ်သမိုင်းမှတ်တိုင်တစ်ခုကို မန္တလေးမြို့တွင် စိုက်ထူလိုက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းသန်းမြင့်က နိုင်ငံတကာအဆင့်မီ နည်းစနစ်များ၊ အထောက်အကူပြုပစ္စည်းကိရိယာများ၊ အသိပညာရှင် အတတ်ပညာရှင်များကို FMI နှင့် Singapore အခြေစိုက် OUE Lippo Healthcare တို့၏ အထောက်အပံ့ဖြင့် မန္တလေးသို့ ယူဆောင်လာပေးသည့်အတွက် ဝမ်းမြောက်မိကြောင်း ဂုဏ်ပြုစကား ပြောကြားခဲ့သည်။
ထို့နောက် ပန်းလှိုင်စီလုံဆေးရုံ ဝန်ထမ်းများမှ စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်ဖြင့် ကပြဖျော်ဖြေတင်ဆက်ကြပြီး မန္တလေးတိုင်းဒေသကြီး ကုသရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းသန်းမြင့်၊ Serge Pun & Associate Co.Ltd ၏ Senior Director, Deputy Head of Government Relation ဒေါက်တာရဲမိုးမြင့်နှင့် Pun Hlaing Silaom Hospital ၏ Managing Director ဒေါက်တာသက်သက်ခိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးကြကာ တက်ရောက်လာကြသည့် ဧည့်သည်တော်များက ပန်းလှိုင်စီလုံဆေးရုံအတွင်းရှိ စက်ကိရိယာများနှင့် ကျန်းမာရေး ဝန်ဆောင်မှုပေးနေခြင်းအား လှည့်လည်ကြည့်ရှုကြသည်။
ပန်းလှိုင်စီလုံဆေးရုံသည် အမေရိကန်အခြေစိုက် နိုင်ငံတကာ အသိအမှတ်ပြု ကျန်းမာရေးဆိုင်ရာ ရွှေတံဆိပ်ဖြစ်သည့် Joint Commission International Accrediation(JCIA) လက်မှတ်ကို မြန်မာနိုင်ငံတွင် ပထမဆုံး ရရှိခဲ့သည့် ဆေးရုံဖြစ်ပြီး ပန်းလှိုင်စီလုံဆေးရုံ (မန္တလေး)ကို အမေရိကန်ဒေါ်လာ ၁၁ သန်းဖြင့် မတည်ရင်းနှီးမြှုပ်နှံကာ ၇၄ ခုတင်ဆံ့ အထူးကုဆေးရုံကြီးအဖြစ် တည်ဆောက်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အောင်ဖြိုးကျော်


