နေပြည်တော် ၂၄  ဖေဖော်ဝါရီ 

 

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် ယမန်နေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ရှိ ခရိုင်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးရုံး၌ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက SME လုပ်ငန်းများ ဖွံ့ဖြိုးတိုတက်ရေးအတွက် ငွေကြေးအရင်းအနှီးနှင့် နည်းပညာရရှိအောင် အစွမ်းကုန်ကူညီ ပံ့ပိုးပေးရမည်ဖြစ်ကြောင်း၊ ဒေသထွက် ထုတ်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်လာနိုင်ရန်အတွက် လိုအပ်သော နည်းပညာများရရှိအောင် ချိတ်ဆက်ပေးရမည်ဖြစ်ကြောင်း၊ စက်မှုလုပ်ငန်းများ ကြောင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုအကျိုးစီးပွားများ ထိခိုက်ပျက်စီးမှုမရှိရန် ပြဌာန်းထား သော ဥပဒေ၊ နည်းဥပဒေများ နှင့်အညီ စနစ်တကျ စစ်ဆေးကြပ်မတ်ပေးရမည်ဖြစ်ကြောင်း၊ လုပ်ငန်းသုံး အထောက်အကူပြု စက်ကရိယာပစ္စည်းများအား ကျွမ်းကျွမ်းကျင်ကျင် အသုံးပြု နိုင်ရေးအတွက် လေ့လာသင်ယူထားရမည်ဖြစ်ကြောင်း၊ လုပ်ငန်းတာဝန်များကို အဂတိတရား ကင်းကင်းဖြင့် ရဲရဲဝံ့ဝံ့ဆောင်ရွက်ရန် မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ဖြည့်ဆည်းပေးသည်။

 

ပြည်ထောင်စုဝန်ကြီးသည် ဖေဖော်ဝါရီ ၂၂ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ မြန်မာ့ဆေးဝါးလုပ်ငန်း ဆေးဝါးသုတေသနဌာန၌ ဆေးဝါး အမယ်သစ်များ၊ စားသောက်ကုန်များနှင့် ပြင်ပမှဓါတ်ခွဲစမ်းသပ်ရန် လာရောက်အပ်နှံထား သော စွန့်ပစ်ရေဆိုးများ စမ်းသပ်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးသည်။

 

ထို့နောက် ဆေးဝါးသုတေသနဌာန အစည်းအဝေးခန်းမ၌ ဌာနတာဝန်ခံက ဆေးဝါး အမယ်သစ်များ သုတေသနပြု တီထွင်စမ်းသပ်နေမှုများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက သုတေသနနှင့် ဓါတ်ခွဲစမ်းသပ်မှုများကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ရန်၊ ထုတ်လုပ်သည့် ဆေးဝါးများ အရည်အသွေး  ကောင်းမွန်ရေးအတွက် စက်ပစ္စည်းများအား အစဉ်အမြဲပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန်၊ အရည် အသွေး ကောင်းမွန်သော ဆေးဝါးများအား ဈေးနှုန်း သက်သာပြီးဝယ်ယူသူများ ဆွဲဆောင်မှုရှိမည့် ထုပ်ပိုးမှုစနစ်သစ်များဖြင့် ရောင်းချနိုင်ရေးကြိုးစားဆောင်ရွက်ကြရန်၊ ပြည်သူများ၏ ကျန်းမာရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် လိုအပ်သော ဆေးဝါးများ ထုတ်လုပ်နိုင်ရေးနှင့်အတူ ဆေးဝါးအမယ်သစ်များကို တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် သုတေသနနှင့် တီထွင်စမ်းသပ်မှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်ရန်၊ ပြည်သူများ ဘေး အန္တရာယ်ကင်းရှင်းစွာ စားသောက်နိုင်ရေးအတွက် စားသောက်ကုန်များကို စနစ်တကျ စစ်ဆေးရန် မှာကြားသည်။

 

ဆေးဝါးသုတေသနဌာနအနေဖြင့် အစားအသောက်၊ ရေနှင့် ရေဆိုးများ၊ ဆေးဝါးနှင့် ဆက်စပ်ကုန်ကြမ်းများ၊ ဆေးဘက်ဝင်အပင်များကို Atomic Absorption Spectormeter (AAS), Gas Chromatography(GC), High performanceLiquid Chromatograthy (HPLC), Fourier Transform Infrared Spectorscopy စသည့် ခေတ်မီစက်ကရိယာများဖြင့် စမ်းသပ်စစ်ဆေးခြင်း၊ အစားအသောက်များတွင် ပါဝင်နိုင်သော Aflatoxin နှင့် ဆေးဝါးများ တွင် ပါဝင်နိုင်သော Endotoxin များကို Microplate Reader များဖြင့် စမ်းသပ်စစ်ဆေးခြင်းနှင့် တက္ကသိုလ်အသီးသီးမှ ဘွဲ့လွန်ကျောင်းသားများ၏ သုတေသနပြုစာတမ်းများအတွက် လိုအပ် သော သုတေသနပြုစာတမ်းများအား ကူညီဆောင်ရွက်ပေးခြင်းတို့အပြင် ဆက်စပ်ဝန်ကြီး ဌာနများမှ ပေးပို့လာသော ဓာတ်ခွဲစမ်းသပ်လိုသည့် နမှုနာများကို စမ်းသပ်စစ်ဆေးပေးလျက်ရှိသည်။ 

 

(သတင်းစဉ်)