နေပြည်တော် ၂၄  ဖေဖော်ဝါရီ 

 

အိန္ဒိယသမ္မတနိုင်ငံ၊ နယူးဒေလီမြို့၌ ရောက်ရှိနေသော စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် ဖေဖော်ဝါရီ ၂၃ ရက် နံနက်ပိုင်းက အိန္ဒိယသမ္မတနိုင်ငံ၊ Ministry of Commerce and Industry ၏ Logistic Division မှ Special Secretary, Shri N. Sivasailam နှင့်အဖွဲ့ကို တွေ့ဆုံပြီး အိန္ဒိယ- မြန်မာနှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် ကုန်စည်၊ ဝန်ဆောင်မှုနှင့် လူပုဂ္ဂိုလ် ဖြတ်သန်းသွားလာရေးအတွက် အုပ်ချုပ်မှုကိစ္စရပ်များ လျင်မြန်ချော့မွေ့စေရေး၊ နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု၊ နှစ်နိုင်ငံခရီးသွားလုပ်ငန်းမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးသည်။

 

111

 

ထို့ပြင် အိန္ဒိယသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်၊ မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှဥက္ကဋ္ဌ ဦးထွန်းလွင် တို့ပါဝင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဖေဖော်ဝါရီ ၂၂ ရက်က အိန္ဒိယသမ္မတနိုင်ငံ၊ နယူးဒေလီမြို့ရှိ Ministry of Consumer Affairs, Food and Public Distribution မှ Senior Economic Advisor, Shri Rohit Kumar Parmar ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံ မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစဉ်းငုံတို့အပါအဝင် ပဲမျိုးစုံအား အိန္ဒိယနိုင်ငံသို့ တင်ပို့နိုင်ရေးအတွက် အိန္ဒိယနိုင်ငံအနေဖြင့် ပဲတင်သွင်းမှု မူဝါဒပိုင်းဆိုင်ရာ ဖြေလျော့ပေးစေလိုသည့် ကိစ္စရပ်များ၊ နှစ်နိုင်ငံပူးပေါင်း၍ မြန်မာ နိုင်ငံမှ ပဲမျိုးစုံတိုးမြှင့်တင်ပို့နိုင်ရေးနှင့် နောင်လာမည့်နှစ် များတွင်လည်း မြန်မာနိုင်ငံမှ ပဲများ အိန္ဒိယနိုင်ငံသို့ ဆက်လက်၍ တိုးမြှင့်တင်ပို့နိုင်ရေးတို့နှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

 

22

 

ဆက်လက်၍ သံအမတ်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် အိန္ဒိယသမ္မတနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ အာဆီယံဌာနခွဲမှ Joint Secretary, Shri Rajneesh နှင့် အဖွဲ့ကိုတွေ့ဆုံကာ မြန်မာနိုင်ငံမှ ပဲမျိုးစုံအား အိန္ဒိယနိုင်ငံသို့ တိုးမြှင့်တင်ပို့နိုင်ရေး နည်းလမ်းများနှင့် ပူးပေါင်းဆောင်ရွက်လိုသည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်) 

 

333