ရန်ကုန် ၂၄ ဖေဖော်ဝါရီ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဗဟိုကော်မတီ၏ ဒုတိယအကြိမ် ပုံမှန်အစည်းအဝေးနှင့် စပ်လျဉ်း၍ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဗဟို ဌာနချုပ်) ၌ကျင်းပသည်။
သတင်းစာရှင်းလင်းပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ(၂) ဒေါက်တာဇော်မြင့်မောင်၊ ဗဟိုအလုပ်အမှုဆောင်၊ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်း၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်တို့က နှစ်ရက်ကြာကျင်းပခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဗဟိုကော်မတီ၏ ဒုတိယအကြိမ် ပုံမှန် အစည်းအဝေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပြည်တွင်း ပြည်ပ မီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှုများအပေါ် ပြန်လည်ဖြေကြားသည်။
အဆိုပါ အစည်းအဝေးကို ဖေဖော်ဝါရီ ၂၃ ရက်မှ ၂၄ ရက်အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဗဟို ဌာနချုပ်)၌ ကျင်းပခဲ့ပြီး ယနေ့ အစည်းအဝေးအပြီးတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခြင်းဖြစ်သည်။
အဆိုပါ အစည်းအဝေးသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယ ဗဟိုကော်မတီဝင်စုစုပေါင်း (၁၄၃) ဦးရှိသည့်အနက်မှ (၉၀)ရာခိုင်နှုန်းဖြစ်သည့် ဗဟိုကော်မတီဝင်(၁၃၀)ဦးနှင့် အရံဗဟိုကော်မတီဝင်များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရဝန်ကြီးချုပ်များနှင့် လွှတ်တော် ဥက္ကဋ္ဌများလည်း လေ့လာသူများအဖြစ် တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် ဗဟိုကော်မတီ အသီးသီးတို့က အစီရင်ခံစာများဖတ်ကြားတင်သွင်းခြင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဗဟိုကော်မတီဝင်များက စာတမ်းများ ဖတ်ကြားတင်သွင်းခြင်းများကိုပြုလုပ်ခဲ့ကြပြီး ဆုံးဖြတ်ချက် ခြောက်ချက်နှင့် ရှေ့လုပ်ငန်းစဉ် ငါးရပ်ကိုချမှတ်နိုင်ခဲ့ကြောင်း ယနေ့သတင်းစာရှင်းလင်းပွဲမှ သိရသည်။
သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်


