နေပြည်တော် ၂၄ ဖေဖော်ဝါရီ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ယမန်နေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ဖူးကြီးပိုက်လိုင်းအခြေစိုက်စခန်းသို့ ရောက်ရှိရာ စခန်းတာဝန်ခံမှ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှုများအား ရှင်းလင်းတင်တင်ပြရာချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဖူးကြီးပိုက်လိုင်းအခြေစိုက်စခန်းသည် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ဖူးကြီးကျေးရွာအနီးတွင် တည်ရှိပြီး ယခင်ကမင်းဘူးမြို့နယ်ရှိမန်း ရေနံမြေနှင့် ထောက်ရှာပင်ရေနံမြေများမှထွက်ရှိသော ရေနံစိမ်းများကို သန်လျင်ရေနံချက် စက်ရုံသို့ပိုက်လိုင်းဖြင့် ပို့လွှတ်ရာတွင် ကြားစခန်းအဖြစ်ဆောင်ရွက်ခြင်းနှင့် ပိုက်လိုင်းများ ပြုပြင်ထိန်းသိမ်း ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင် အောက်မြန်မာပြည် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများကို အဓိက ဆောင်ရွက်သော အခြေစိုက်စခန်းဖြစ်သည်။
အဆိုပါအခြေစိုက်စခန်း၏ ကြီးကြပ်မှုအောက်တွင်ရွှေပြည်သာစခန်း(ရန်ကုန်)၊ ဒေဒရဲစခန်း၊ သနပ္ပင်စခန်း၊ မော်လမြိုင်စခန်း၊ သံဖြူဇရပ်စခန်းနှင့် ရေးစခန်းများရှိပြီး ၂၀ လက္မကံပေါက်-မြိုင်ကလေး-ရန်ကုန်ပိုက်လိုင်း (၃၃၁)မိုင်နှင့် ၂၄လက္မ ဒေါ်ငြိမ်း-ရွာမပိုက် လိုင်း(၈၆)မိုင်အပါအဝင် စုစုပေါင်း(၉၈၁)မိုင် ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်ရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း၊ ပြည်ရေနံမြေသို့ရောက်ရှိရာ အထွေထွေမန်နေဂျာမှ ရေနံမြေဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြရာ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ရေနံအထွက်နှုန်းတိုးတက်လာစေရေး အတွက် ခေတ်မီနည်းပညာများအသုံးပြု၍ ဆောင်ရွက်ကြရန်နှင့် မြေအောက်ဘူမိအနေအထားများအား တိကျစွာခန့်မှန်းနိုင်ရေးအတွက် ပိုမိုကောင်းမွန်သော ဆိုက်စမစ်တိုင်းတာခြင်းလုပ်ငန်းများအား ဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့် ရေနံအထွက်တိုးစေရေးအတွက်ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
ပြည်ရေနံမြေသည်ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်အတွင်းတည်ရှိပြီး ၁၉၆၅ခုနှစ်တွင် ရေနံနှင့်သဘာဝဓာတ်ငွေ့စတင်ထုတ်လုပ်ခဲ့ရာ ၁၉၉၄ခုနှစ်၊ ဇူလိုင်လတွင် တစ်နေ့အများဆုံး ၂၅၆၃ စည်နှင့် ၁၉၉၈ခုနှစ်၊ ဇွန်လတွင် သဘာဝဓာတ်ငွေ့ ၂၅.၆၁၈ ကုဗပေသန်းအထိ ထုတ်လုပ်နိုင်ခဲ့ပြီး ထုတ်လုပ်မှုသက်တမ်းကြာမြင့်ပြီ ဖြစ်သောကြောင့် ယခုအခါ ရေနံတွင်းပေါင်း (၁၃) တွင်းမှ ရေနံစိမ်းစည် ၆၅ စည်နှင့် သဘာဝဓာတ်ငွေ့ ဝ.ဝ၇၈ကုဗပေသန်းပေါင်း ထုတ်လုပ်ပေးလျက်ရှိပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့အထွက် တိုးရေးအတွက်လုပ်ငန်းစီမံချက်များ စနစ်တကျရေးဆွဲ၍ ကြိုးစားရှာဖွေဖော်ထုတ်လျက်ရှိသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်ရှိ တီတွတ်ပိုက်လိုင်း အခြေစိုက်စခန်းသို့ရောက်ရှိရာ စခန်းတာဝန်ခံမှလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြရာ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက သဘာဝဓာတ်ငွေ့များ ပုံမှန်ဖြန့်ဖြူးပေးနိုင်ရေး ပိုက်လိုင်းများ ကြံ့ခိုင်ကောင်းမွန်ရေးသည် အထူးအရေးကြီးကြောင်း၊ ပြုပြင်ခြင်းလုပ်ငန်းများကို သတ်မှတ်ထားသည့် Standard Operation Procedure (SOP) များအတိုင်း အလေးထားဆောင်ရွက်သွားရန်မှာကြားခဲ့ပြီး ပိုက်လိုင်းအရေးပေါ် ထိန်းသိမ်းပြုပြင်ခြင်း သရုပ်ပြလေ့ကျင်နေမှုအား ကြည့်ရှုအားပေးသည်။
အဆိုပါတီတွတ်ပိုက်လိုင်း အခြေစိုက်စခန်းသည်ပဲခူးတိုင်းဒေသကြီး၊ပြည်မြို့နယ်၊ ထမ္မကောက်ကျေးရွာအနီးတွင် တည်ရှိပြီးယခင်ကမင်းဘူးမြို့နယ်ရှိမန်းရေနံမြေနှင့် ထောက်ရှာပင်ရေနံမြေများမှထွက်ရှိသောရေနံစိမ်းများကို သန်လျင်ရေနံချက် စက်ရုံသို့ ပိုက်လိုင်းဖြင့် ပို့လွှတ်ရာတွင် ကြားစခန်းအဖြစ် ထပ်မံမောင်းနှင်ခြင်းနှင့် ပိုက်လိုင်းများ ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင် အထက်မြန်မာပြည်ပိုက်လိုင်းထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများကိုအဓိက အခြေစိုက်စခန်းအဖြစ်ဆောင်ရွက်လျက်ရှိသည်။
တီတွတ်စခန်းမှ ပိုက်လိုင်းမိုင်(၁၁၃၀)မိုင်အား ထိန်းသိမ်းပြုပြင်လျက်ရှိပြီး မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ တည်ဆောက်ပြီးစီးခဲ့သည့် ကုန်းတွင်းပိုင်းရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း(Network) စုစုပေါင်းအရှည်မှာ (၂၃၇၁) မိုင်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


