ရန်ကုန် ၂၄  ဖေဖော်ဝါရီ 

 

မကြာမီဖွင့်လှစ်တော့မည့် မြောင်းမြတံတားအပါအဝင် ဆောက်လုပ်ရေးဝန်ကြီးဌာနက တည်ဆောက်ဆဲ တံတားများဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ စော်ကဲတံတား၊ ကျွန်းပြဿဒ်တံတား၊ ပင်လယ်လေးတံတား၊ ပုသိမ် တံတားနှင့် မွန်ပြည်နယ်ရှိ အတ္တရံတံတား၊ ချင်းပြည်နယ်ရှိ ပလက်ဝတံတားနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ သန်လျင်တံတား အမှတ်(၃) တို့တွင် J&M Steel Solutions Co. Ltd. ၏ J&M သံမဏိစက်ရုံထုတ် သံမဏိသံပေါင်များကို အသုံးပြုတည်ဆောက် လျက်ရှိကြောင်း တံတားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကောင်းချို က ပြောသည်။


မြန်မာနိုင်ငံ၏ သံမဏိသံပေါင်လိုအပ်ချက်အရ J&M Steel Solutions Co. Ltd.  သံမဏိစက်ရုံကို ဆောက်လုပ်ရေးဝန်ကြီးဌာန   ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း နှင့်  ဂျပန်နိုင်ငံ JFE  Engineering  Corporation တို့က  မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ၂၀၁၃ ခုနှစ်  နိုဝင်ဘာ (၁၁) ရက်  ခွင့်ပြုချက်ဖြင့်   မြန်မာနိုင်ငံက ၄၀ ရာခိုင်နှုန်း ၊ ဂျပန်နိုင်ငံက ၆၀ ရာခိုင်နှုန်းထည့်ဝင် ရင်းနှီးမြှုပ်နှံခဲ့ကြသည်။ စက်ရုံအပိုင်း (က)ကို ရန်ကုန်မြို့ သာကေတမြို့နယ် ရှုခင်းသာမြို့ပတ်လမ်းရှိ မြေ ၁၆ ဧကပေါ်၌ ၂၀၁၄ ခုနှစ် ဇူလိုင်တွင် စတင်ခဲ့ပြီး ၂၀၁၆ ခုနှစ် မေလတွင်  ဖွင့်လှစ်ခဲ့ကာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် စတင်ထုတ်လုပ်နိုင်ခဲ့သည်။

 

 “အရင်ကဆိုရင် နိုင်ငံအတွက် လိုအပ်နေတဲ့ သံမဏိသံပေါင်တွေ၊  အထူးသဖြင့် တံတားကြီးတွေ ဆောက်ဖို့  သံမဏိသံပေါင် တံတားတွေကို နိုင်ငံခြားငွေနဲ့ မှာယူတင် သွင်းရတယ်။ အချိန်ပေးရတယ်။ အခုဆိုရင် ပြည်တွင်းမှာပဲ မြန်မာကျပ်ငွေနဲ့ ဈေးနှုန်းသက်သာစွာ ဝယ်ယူရရှိနိုင်တယ်။ အနည်းဆုံးက သယ်ယူပို့ဆောင်စရိတ် သက်သာသွားတယ်။ လိုအပ်တဲ့ပစ္စည်းကို လိုအပ်တဲ့အချိန်မှာ အလွယ် တကူရရှိ နိုင်ပါတယ်။   (ဥပမာ)   မြောင်းမြတံတားလိုမျိုး အရေးပေါ်ဖြစ်သွားတဲ့ အခြေအနေမျိုး ဆိုရင် မူလက ဆောက်နေတာ ပုံစံတစ်မျိုး၊ အရေးပေါ် ဖြစ်သွားတဲ့အခါ  ပုံစံပြန် ပြောင်းရတယ်။ဒီစက်ရုံရှိနေတဲ့အတွက် ဒီစက်ရုံက ကျွမ်းကျင်ပညာရှင်၊ ဒီဇိုင်းပညာရှင် များနဲ့တိုင်ပင်ပြီး ပုံစံပြန်ပြောင်းပြီး တစ်နှစ်အတွင်းမှာ ပေးရမယ်ဆိုတဲ့ သတ်မှတ်ချက်ဖြစ်လာတာကြောင့် တံတားကို ရှစ်လအတွင်း ပြီးစီးအောင် မူလပုံစံ ကနေ ပုံစံပြန် ပြောင်းပြီး အဆင့်မီ ထုတ်လုပ်တည်ဆောက်နိုင်ခဲ့ပါတယ်”ဟု ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကောင်းချို က ဆိုသည်။

 

age D

 

စက်ရုံစတင်တည်ထောင်ချိန်က တစ်နှစ်လျှင် တန်ချိန် တစ်သောင်း ထုတ်လုပ်နိုင် ခဲ့ပြီး ယနေ့အချိန်ထိ သံမဏိသံပေါင် စုစုပေါင်း တန်ချိန် ရှစ်သောင်း ထုတ်လုပ်နိုင်ခဲ့ကာ ဆက်လက်၍ တစ်နှစ် တန်ချိန် သုံးသောင်းထုတ်လုပ်နိုင်ရန် ရည်မှန်း ဆောင်ရွက်လျက်ရှိသည်။

 

“အခု တည်ဆောက်ပြီးတဲ့တံတားတွေတော်တော်များများက ပြီးစီးသွားပါပြီ။  Plate Girder အမျိုးအစား သံမဏိသံပေါင်တံတားအစင်း ၇၀ ကျော်ပါပြီ။ Steel Truss Type Bridge ဆိုတဲ့ သံမဏိသံပေါင်ရိုးတံတား ၁၅ စင်း ကျော်သွားပါပြီ။ Box Gider Type Bridge ဆိုတဲ့ သံမဏိ သံပေါင် တံတားဆိုရင် ၁၃ စင်း၊ အခုဆိုရင် ထုတ်လုပ်ပြီးတဲ့ သံမဏိသံပေါင်တံတားပေါင်းက အစင်း ၁၀ဝ ဝန်းကျင်ရှိသွားပါပြီ။ အဲဒီထဲကမှ ထူးခြားတဲ့ တံတားကြီးတွေပြောပါဆိုရင် မွန်ပြည်နယ်မှာရှိတဲ့ ဗိုလ်ချုပ် အောင်ဆန်း(ချောင်းဆုံ)တံတား၊ ထီးချိုင့်တံတား၊ ချင်းတွင်းတံတား(ခန္တီး)၊ ချင်းတွင်းတံတား(ဟုမ္မလင်း)တို့ တည်ဆောက်ပြီးစီးပါပြီ”ဟု ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးကျော်ကောင်းချိုက ပြောသည်။

 

ဆောက်လုပ်ရေးဝန်ကြီးဌာနက တည်ဆောက်သည့် တံတားများအပြင်   ရန်ကုန်မြို့  ကုက္ကိုင်းခုံးကျော်တံတားနှင့် ဆိပ်ခံတံတားများကိုလည်း  J&M Steel Solutions Co. Ltd စက်ရုံက ထုတ်သည့် သံမဏိသံပေါင်များနှင့် တည်ဆောက်ခဲ့ကြောင်း သိရသည်။   

 

ပြည်ပပို့ကုန်များအနေဖြင့် လာအိုနိုင်ငံသို့  ၂၀၁၄ ခုနှစ်က တန် နှစ်ရာ ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့  ၂၀၁၇-၂၀၁၈ တွင် တန် တစ်သောင်းနှင့် သီရိလင်္ကာနိုင်ငံသို့ ၂၀၁၆ ခုနှစ်တွင် တန် သုံးရာ တင်ပို့နိုင်ခဲ့ပြီး လက်ရှိ ၂၀၁၈-၂၀၁၉ ခုနှစ်တွင် တန် ရှစ်ထောင် ထပ်မံပေးပို့လျက်ရှိသည်။ ဆက်လက်၍ အိန္ဒိယနိုင်ငံသို့လည်း သံမဏိ သံပေါင်များ ဆက်လက်တင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ J&M Steel Solutions Co. Ltd သံမဏိစက်ရုံတွင်  မြန်မာနိုင်ငံမှ အင်ဂျင်နီယာများ အပါအဝင် ဝန်ထမ်းအင်အား ၆၀ဝ နီးပါး တာဝန်ထမ်းဆောင် လျက်ရှိပြီး  မြန်မာနိုင်ငံသား ဝန်ထမ်းများ အရည်အသွေးပြည့်ဝရေးနှင့်  လုပ်ငန်းကျွမ်း ကျင်မှုရရှိရေးအတွက်  ဂျပန်ပညာရှင်များက ပြည်တွင်း၌   သင်တန်းများ ပို့ချပေးလျက်ရှိသကဲ့သို့ ဂျပန်နိုင်ငံသို့လည်း နှစ်စဉ်စေလွှတ်ကာ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများပေးလျက်ရှိကြောင်း သိရသည်။

 

သတင်း - ခင်ဝင်းမော်

 

ဓာတ်ပုံ - ဇော်မင်းလတ်

 

DSC_0