နေပြည်တော် ၂၄ ဖေဖော်ဝါရီ
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးနှင့် မြိတ် တက္ကသိုလ်ရှိ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၂၃ ရက် နံနက်ပိုင်းက မြိတ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြိတ်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာနီနီဦးက မြိတ်တက္ကသိုလ်၏ ဖွဲ့စည်းပုံ၊ သင်ကြားသင်ယူနေမှု အခြေအနေများနှင့် ဆောင်ရွက်နေသည့် ပညာရေး လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွန်ကြားရေး မှူးချုပ် ဒေါက်တာအေးမြင့်၊ ပါမောက္ခချုပ်များကော်မတီ အလုပ်အမှုဆောင်အဖွဲ့ဝင် ရန်ကုန် အနောက်ပိုင်းနည်းပညာတက္ကသိုလ်မှ ပါမောက္ခချုပ်ဒေါက်တာကြည်စိုးတို့က ပညာရေးပြုပြင်ပြောင်းလဲဆောင်ရွက်နေမှုများ၊ ကမ္ဘာ့တက္ကသိုလ်အဆင့် သတ်မှတ် ချက်များ၊ တက္ကသိုလ်ပဋိဉာဏ်ရေးဆွဲဆောင်ရွက်မှုများ၊ အရည်အသွေးအာမခံမှု၊ သုတေသန၊ နိုင်ငံတကာတက္ကသိုလ်များနှင့်ပူးပေါင်းဆောင်ရွက်မှုများ၊ ပါမောက္ခချုပ်များ ကော်မတီ၏ ဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးနှင့် ပညာရေးဝန်ကြီး ဦးဟိုပင်က ဆရာနှင့်ကျောင်းသား နွေးထွေးစွာပူးပေါင်းလက်တွဲ၍ အရည်အသွေး ရှိသော ပညာရေးစနစ်ဖော်ဆောင်နိုင်ရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် ဆလုံတိုင်းရင်းသား ကျောင်းသား ကျောင်းသူများ တက္ကသိုလ်ပညာသင်ယူခွင့် ရရှိနိုင်ရေးအတွက် ဝိုင်းဝန်း ပံ့ပိုးကူညီ ဆောင်ရွက်ရေးတို့ကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးဝန်ကြီး ဌာနအနေဖြင့် ပညာရေးပြုပြင်ပြောင်းလဲဆောင် ရွက်ရာတွင် အမျိုး သားပညာရေး မဟာဗျူဟာ စီမံကိန်း(၂၀၁၆-၂၀၂၁) အရ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း။
အဆင့်မြင့်ပညာကဏ္ဍတွင် တက္ကသိုလ်များအရည်အသွေးမြင့်မားရေး အတွက် ဆရာဆရာမများ၏ အရည်အသွေးမြင့်မားအောင် အမြဲမပြတ်ကြိုးစား ဆောင်ရွက် ကြရန် လိုပါကြောင်း၊ မိမိတို့၏ အင်္ဂလိပ်စာ၊ အိုင်စီတီကျွမ်းကျင်မှုနှင့် သင်ကြား သင်ယူမှု အရည်အသွေးမြင့်မားရေးတို့ကို မြှင့်တင်ဆောင်ရွက်ပြီး ဒေသအတွက် အကြိုးရှိထိရောက်သော အသုံးချသုတေသန လုပ်ငန်းများကို ဆောင်ရွက်စေ လိုပါကြောင်း၊အထူးသဖြင့် ဒေသတွင်းလိုအပ်ချက်ဖြစ်သည့် စိုက်ပျိုးမွေးမြူရေး၊ ရေ လုပ်ငန်း၊ ခရီးသွား၊သတ္ထုတွင်း၊ဈေးကွက်စီးပွားရေး၊ဘဏ်လုပ်ငန်း၊ရာဘာ၊ အိုင်တီနည်း ပညာ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဒီရေတောအစရှိသည့်လုပ်ငန်းများ အတွက် အကျိုးရှိစေမည့် အသုံးချသုတေသနလုပ်ငန်းများကို ပိုမိုဆောင်ရွက်စေလိုပါကြောင်း၊ ဆရာဆရာမများ အရည်အသွေးမြင့်မားမှသာလျှင် အရည်အသွေးပြည့်ဝသော လူသား အရင်းအမြစ်များကို ပြုစုပျိုးထောင်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ မြိတ်တက္ကသိုလ် အနေ ဖြင့် ကမ္ဘာအဆင့်တက္ကသိုလ်များ သတ်မှတ်ချက်တွင် ယခင်ကထက် ပိုမိုမြင့်မား လာသည့်အတွက် ဂုဏ်ယူဝမ်းမြောက် ပါကြောင်း၊ ဆက်လက်၍ မိမိတို့၏ တက္ကသိုလ် အရည်အသွေးပိုမိုမြင့်မားရေးအတွက် အားလုံးညီညီညွှတ်ညွတ် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဌာနတွင်းစီမံခန့်ခွဲမှုများဖြစ်သည့် အတန်းခွဲဝေမှု၊ သင်ကြားသင်ယူမှု၊ စာမေးပွဲဆိုင်ရာများ၊ ကျမ်းကြီးကြပ်မှုနှင့်ငွေကြေးဆိုင်ရာ ကိစ္စရပ် စသည်များတို့ကို ဘက်လိုက်မှုမရှိဘဲနှင့် ဆရာမွေးတပည့်မွေးမလုပ်ဘဲ ကောင်းမွန် သန့်ရှင်းသော စိတ်စေတနာအပြည့်ဖြင့် လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစဉ်း ကမ်းများနှင့် အညီ အကျိုးရှိထိရောက်စွာ ဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း။
မဂ္ဂဇင်းကြေး၊ ပြက္ခဒိန်ကြေး၊ စာသောက်ဆိုင်ခန်းခများ၊ ဘွဲ့နှင်းသဘင်ကြေး၊ ဓာတ်ပုံတင်ဒါကြေး၊ ကျောင်းသုံးရည်ညွှန်းစာအုပ်စာတမ်းကြေးများ၊ လက်တွေ့/ နည်းပြ စာအုပ်ကြေးစသည့်ငွေကြေးများကို ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်း၊ စာရင်းစစ်စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ပါမောက္ခ/ဌာနမှူးများက ဌာနရှိဆရာဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများကို အပတ်စဉ် တွေ့ဆုံ၍ အခက်အခဲများ၊စိန်ခေါ်မှုများကိုညှိနှိုင်းဖြေရှင်းရန်နှင့် မဖြေရှင်းနိုင်သည့် ကိစ္စရပ်များကို ပါမောက္ခချုပ်ထံတင်ပြပြီး ပါမောက္ခချုပ်က အခက်အခဲရှိသော ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများကို အပတ်စဉ်တွေ့ဆုံ ညှိနှိုင်းဖြေရှင်းရန်၊ ဆက်လက်ပြီး ပါမောက္ခချုပ်ကလည်း မဖြေရှင်းနိုင်သည့် အခက်အခဲ၊ စိန်ခေါ်မှုများကို ပါမောက္ခချုပ်များ ကော်မတီနှင့်ပညာရေးဝန်ကြီး ဌာနသို့ဆက်လက်တင်ပြရန် လိုအပ်ပါကြောင်း။
အခက်အခဲ၊ မပြည့်စုံမှု၊ ပြဿနာစသည့် စိန်ခေါ်မှုများသည် လူတိုင်း၊ နေရာ တိုင်းတွင်ရှိပြီး ထိုပြဿနာစိန်ခေါ်မှုများကို အကောင်းဆုံးဖြေရှင်းနိုင်ရေးသည် အလွန် အရေးကြီးပါကြောင်း၊ ကျောင်းသား ကျောင်းသူများအား မတူကွဲပြားမှုများကို အပြန် အလှန်နားလည်ရေး၊ လေးစားတန်းဖိုးထား၍ ကူညီဖြည့်ဆည်းဆောင်ရွက်တတ်ရေး၊ အများနှင့်ပူးပေါင်း ဆောင်ရွက်တတ်ရေး၊ စာကြည့်တိုက် အသုံးပြု၍ စာများများဖတ်ကာ သင်ယူတတ်ရေး၊ အားကစား၊ ဂီတ၊ အနုပညာစွမ်းရည်များဖွံ့ဖြိုးတိုးတက်စေရေး၊ တာဝန်ယူ၊တာဝန်ခံ ဆောင်ရွက်တတ်ရေး၊ဆန်းသစ်တီထွင် ဖန်တီးနိုင်စွမ်းရှိရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်းဆုံး ဆောင်ရွက်တတ်ရေးအတွက် သင်ကြားသင်ယူ၊ လေ့ကျင့်ပေးရန်လိုပါကြောင်း၊ တက္ကသိုလ်များ အရည်အသွေးပိုမို မြင့်မားလာရေး နိုင်ငံတကာနှင့်ယှဉ်ပြိုင်နိုင်စွမ်းရှိသော ဘွဲ့ရလူငယ်မောင်မယ်များ ပြုစု မွေးထုတ်ပေးနိုင်ရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ပေးကြစေလိုပါ ကြောင်း စသည်ဖြင့်ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့်ဆရာဆရာမ၊ ကျောင်းသားကျောင်းသူများက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်း၍ ကျောင်းဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပေးစေလိုသည့် စာသင်ဆောင်၊Lab ပစ္စည်းများ၊ စာကြည့်တိုက်၊အားကစားရုံ၊ အားကစားကွင်း၊ ထမင်းစားဆောင်၊ဝန်ထမ်းအိမ်ရာများ၊ ဆိုင်ကယ်ရပ်နားရန်နေရာ၊ ကျောင်းကြို/ ပို့ယာဉ်များ ဖြည့်ဆည်းပေးနိုင်ရေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူ များက ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ပေါင်းစပ်ညှိနှိုင်း၍ ပြန်လည်ဆွေးနွေးဖြေ ကြားသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် နည်းပညာတက္ကသိုလ်(မြိတ်)၊ အစိုးရ နည်းပညာအထက်တန်းကျောင်း(မြိတ်)နှင့် ကွန်ပျူတာတက္ကသိုလ်(မြိတ်)သို့သွား ရောက်၍ ပါမောက္ခချုပ်၊ဒုတိယပါမောက္ခချုပ်များ၊ ကျောင်းအုပ်၊ ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံကာ လက်ရှိဆောင်ရွက်နေသည့် သင်ကြား သင်ယူမှုအခြေအနေများ၊ ပြုပြင်ပြောင်းလဲဆောင်ရွက်နေမှု အခြေအနေများ၊ ဖြေရှင်း ဆောင်ရွက်ရမည့် ကျူးကျော်မြေယာ ပြဿနာများ၊ လျှပ်စစ်မီးလိုအပ်ချက်၊ အခက်အခဲ၊ စိန်ခေါ်မှုများနှင့် ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် ပညာရေးလုပ်ငန်းစဉ်များကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေးကြသည်။
အလားတူ ပြည်ထောင်စုဝန်ကြီးသည် ဖေဖော်ဝါရီ ၂၁ ရက်တွင် ကွန်ပျူတာ တက္ကသိုလ်(ထားဝယ်)၊ ထားဝယ်ပညာရေးကောလိပ်၊ အစိုးရနည်းပညာအထက်တန်း ကျောင်း (ထားဝယ်)နှင့် ထားဝယ်တက္ကသိုလ်များသို့ လည်းကောင်း၊ ဖေဖော်ဝါရီ ၂၂ ရက်တွင် နည်းပညာတက္ကသိုလ်(ထားဝယ်)၊ အစိုးနည်းပညာအထက်တန်းကျောင်း (ကော့သောင်း)နှင့် ကော့သောင်းမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းများသို့လည်းကောင်း သွားရောက်၍ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ကျောင်းအုပ်၊ ဆရာဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသားကျောင်းသူများအားတွေ့ ဆုံကာပညာရေးလုပ်ငန်းစဉ်များ၊ အခက်အခဲ၊ လိုအပ်ချက်များ ဖြည့်ဆည်းဆောင် ရွက်ပေးရမည့်လုပ်ငန်းများကို ပေါင်းစပ်ညှိနိုင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


