ရန်ကုန် ၂၄ ဖေဖော်ဝါရီ
ပထမအကြိမ် အာရှဒေသနှင့် အပြည်ပြည်ဆိုင်ရာ ယောဂအားကစား ပြိုင်ပွဲ (1st Asian International Yoga Sport Championship - 2019) ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ Lotte Hotel ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက ယောဂ လေ့ကျင့်ခြင်းသည် ကျန်းမာရေးနှင့် အထူးဆက်နွယ်နေပြီး ခန္ဓာကိုယ်ရှိ ဇီဝကမ္မဖြစ်စဉ်များနှင့် ဇီဝဓာတုဖြစ်စဉ်များကို ကောင်းမွန်စေကာ ရုပ်ပိုင်း ဆိုင်ရာ ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့ကို ရရှိပိုင်ဆိုင်နိုင်စေကြောင်း ကိုသိရှိရပါကြောင်း၊ ယခုကဲ့သို့ ပြိုင်ပွဲပြုလုပ်ခြင်းသည် ပြည်သူများယောဂ အားကစားကို ပိုမိုစိတ်ဝင်စားကာနေ အိမ်အသီးသီးတွင် လေ့ကျင့်မှုများ လုပ်ဆောင်နိုင်စေမည်ဖြစ်ပါကြောင်း။
ယောဂလေ့ကျင့်ခြင်းသည် လူတို့၏ ကျန်းမာရေးအပေါ် အထူးကောင်းမွန်သော အကျိုးသက်ရောက်မှုများရှိကြောင်းကို နိုင်ငံတကာတွင် သိပ္ပံသုတေ သနများပြုလုပ်လေ့လာသက်သေပြထားပြီး ဖြစ်ပါကြောင်း၊ယောဂလေ့ကျင့် ခြင်းဖြင့် ကိုယ်ခန္ဓာပျော့ပြောင်းကွေးဆန့်မှု ကောင်းခြင်း၊ ကြွက်သားများ သန်မာစေခြင်း၊ အဆုတ်အားကောင်းခြင်း၊ သွေးလည်ပတ်မှုနှင့် နှလုံးအား ကောင်းစေခြင်း၊ စိတ်နှင့်ခန္ဓာချိတ်ဆက် ဆောင်ရွက်မှုကို အားကောင်းစေခြင်း၊ ရောဂါဘယများကို သက်သာစေနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိ စေနိုင်ပါကြောင်း၊
ထို့ပြင် သွေးတွင်းရှိ မကောင်းသော အဆီဓာတ်များကို ကျဆင်းစေခြင်း စသည် တို့ကြောင်းသွေးတိုးရောဂါ၊ နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါများ၊ စိတ်ကျ ရောဂါ တို့အပါအဝင်ရောဂါများ ဖြစ်ပွားမှုမှ ကာကွယ်ပေး နိုင်ပါ ကြောင်း၊ ယောဂလေ့ကျင့်ရာတွင် အားကစားအလွန်အကျွံ လေ့ကျင့်ခြင်း ကြောင့် ဒဏ်ရာအနေတရ ဖြစ်ခြင်းကိုလည်း သတိပြုလေ့ကျင့်ကြရမည်ဖြစ်ပါ ကြောင်း၊ ယောဂအားကစားသင်ကြားလေ့ကျင့်ရာတွင် အခြေခံခန္ဓာဗေဒ၊ ဇီဝ ကမ္မနှင့် ဇီဝဓာတုဆိုင်ရာ ဗဟုသုတများထည့်သွင်းသင်ကြားခြင်းဖြင့် ယောဂ အားကစား၏ သဘောတရားများကို ပိုမိုခိုင်မာစွာ သဘောပေါက်နားလည် နိုင်ကာ ပိုမိုထိရောက်ကောင်းမွန်စေမည်ဖြစ်ပါကြောင်း၊
ယောဂအားကစားသည် ပြည်သူများ၏ ကျန်းမာရေးအတွက် များစွာ အကျိုးရှိသဖြင့် ဝန်ကြီးဌာနမှ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးပံ့ပိုး ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊Yoga Association Myanmar အနေဖြင့် လုပ်ငန်းများ ဆောင်ရွက်သည့်အခါ ပိုမိုထိရောက်အောင်မြင်စေရန် လမ်းပြမြေပုံ ရေးဆွဲပြီး အဆင့်လိုက် အပိုင်းလိုက်ဆောင်ရွက်သွားစေလိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းနှင့် Yoga Association Myanmar ၏ ဥက္ကဌ ဦးဇော်မင်းတို့က ပြိုင်ပွဲများတွင် ဆုရရှိခဲ့သူများအားဆုများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာအစ္စရေးနိုင်ငံသံအမတ်ကြီး H.E. Mr. Daniel Zonshineနှင့် Yoga Association Myanmar ၏ ဥက္ကဌ ဦးဇော်မင်းတို့ကနိုင်ငံတကာအဆင့် ယောဂနည်းပြသင်တန်း အောင်မြင်ပြီး မြောက်သူများအား အသိအမှတ်ပြုလက်မှတ်များပေးအပ်ခဲ့သည်။
အဆိုပါ ယောဂအားကစားပြိုင်ပွဲကို မြန်မာ၊ အိန္ဒိယ၊ ထိုင်း၊ ဗီယက်နမ်၊ လာအို၊ စပိန်၊ နယ်သာလန် နှင့် ကနေဒါနိုင်ငံတို့မှ အားကစားသမား (၅၀) ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
(သတင်းစဉ်)


