ရန်ကုန် ၂၄  ဖော်ဖော်ဝါရီ 

 

ရန်ကုန်မြို့လယ်ကောင်ရှိ ဆူးလေဘုရားနှင့် မြို့တော်ခန်းမအနီး Line Walker -2 ရုပ်ရှင်ဇာတ်ကား၏ ဇာတ်ဝင်ခန်းအချို့ကို ဆက်လက်ရိုက်ကူးလျက်ရှိရာ  ရုံးပိတ်ရက် စနေ၊ တနင်္ဂနွေတွင် ပြည်သူအများအပြားအား ဖျော်ဖြေမှုပေးနေသော ရုပ်ရှင်ရိုက်ကွင်း တစ်ခုသဖွယ် ဖြစ်လာသည်ကို တွေ့ရသည်။

 

ယနေ့ရိုက်ကူးသည့် ဟောင်ကောင်အက်ရှင်ဇာတ်ကား Line Walker-2 တွင် ရဟတ်ယာဉ်ပျံသန်းသည့် ဇာတ်ဝင်ခန်းများ၊ သေနတ်ပစ်ခတ်မှုများနှင့် ဒုစရိုက်ဂိုဏ်းအား နှိမ်နင်းရာတွင် ကားချင်းတိုက်၍ ပစ်ခတ်မှုများပါဝင်နေ၍ ရုံးပိတ်ရက်တွင် ပြည်သူများအား ဖျော်ဖြေမှုပေးနေသည်နှင့်တူသည်ဟု တောင်ဒဂုံမှ လာရောက်ကြည့်ရှုသူ ကိုရဲလင်းက ပြောပြသည်။

 

လမ်းမတော် ၁၃ လမ်းတွင် နေထိုင်သည့် ကိုစိုးနိုင်ကလည်း “ ဒါမျိုးတစ်ခါမှ မမြင်ဘူးလို့ လာကြည့်တာ။ မြန်မာနိုင်ငံမှာ ဒီလောက်ကြီးကြီးကျယ်ကျယ် ရိုက်ပြတာ မတွေ့ဖူးဘူး။ ဒီနေ့လာကြည့်တဲ့လူဆို ထောင်ဂဏန်းလောက်  ရှိတယ်။ ပစ်ခတ်တာတွေ တွေ့တယ်။ ရဟတ်ယာဉ်လည်း တွေ့တယ်” ဟုပြောသည်။

 

Line Walker-2 ရုပ်ရှင်ကား ဇာတ်ဝင်ခန်းရိုက်ကူးရာတွင် လိုအပ်သည့် ရဟတ်ယာဉ်ကို Air Myanmar Aviation Services Co., Ltd က ငှားရမ်းပေးခြင်းဖြစ်ပြီး ရဟတ်ယာဉ်ပျံသန်းရန်မဖြစ်နိုင်သဖြင့် ကရိန်းဖြင့်မ၍ ပျံသန်းမှုပုံစံပြုလုပ် ရိုက်ကူးလျက်ရှိသည်။

 

“ Line Walker-2 မှာ ရဟတ်ယာဉ်ထည့်သွင်းပြီး ရိုက်မယ်ဆိုတော့ ကျွန်တော်တို့ကို လာဆက်သွယ်တယ်။ သူတို့ကလည်း ဇာတ်လမ်းထဲမှာ ပါတာမို့ မရမက အကူအညီ တောင်းတယ်။   ဒီတော့ ကျွန်တော်တို့က စဉ်းစားတယ်။ ပထမကတော့ လေယာဉ်ကွင်းကနေ ဆူးလေနားကို မောင်းမယ်။ ပြီးရင် ရုပ်ရှင်ရိုက်မယ်ပေါ့။ ကန့်သတ်ချက်တွေကြောင့် ရဟတ်ယာဉ်က ပျံလို့မရဘူး။ ဒါကြောင့် ပန်ကာတွေ၊ ဘရိတ်တွေ အချောင်းလိုက်ဖြုတ်၊ ကရိန်းနဲ့မပြီး ဆူးလေကို ကွန်တိန်နာနဲ့ သယ်တယ်။ ဘာအခွင့်အရေးရလိုက်သလဲဆိုတော့ ရဟတ်ယာဉ်နဲ့ ပြည်သူကို ကယ်တယ်ဆိုတဲ့ အခန်းလေးပါတဲ့အတွက် ဘာပဲဖြစ်ဖြစ် စိတ်မချလည်း တတ်နိုင်သလောက် သတိထားပြီးတော့ ဝိုင်းကူညီကြရင်တော့ တိုင်းပြည်ရဲ့ အနေအထားမြင်ကွင်းတွေကို ကမ္ဘာက သိသွားမယ်။ ပြည်သူလူထုလည်း  မြင်ရမယ်ဆိုပြီးတော့ လုပ်ဖြစ်တာ” ဟု Air Myanmar Aviation Services Co; Ltd ၏ MD ဦးရဲမြင့် ကပြောသည်။

 

111

 

ရန်ကုန်မြို့လယ်ကောင် ဆူးလေလမ်းမပေါ်၌ တတိယနေ့ရိုက်ကူးမှုအဖြစ် ရိုက်ကူးနေသည့်  Line Walker -2 ရုပ်ရှင်ဇာတ်ကားကြောင့် လမ်းပိတ်ဆို့မှုများနှင့် ယာဉ်ကြောပိတ်ဆို့မှုများ မဖြစ်ပေါ်စေရန်အတွက် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်မှုကြီးကြပ်ကွပ်ကဲရေးအာဏာပိုင်အဖွဲ့ (YRTA)၊ YBS ယာဉ်လိုင်း အဖွဲ့အစည်းများ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့များနှင့် သက်ဆိုင်သည့် ဌာနဆိုင်ရာအဖွဲ့အစည်းများအားလုံးက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်မှု ကြီးကြပ်ကွပ်ကဲရေး အာဏာပိုင်အဖွဲ့ (YRTA) အတွင်ရေးမှူး ဒေါက်တာမောင်အောင်က “ Line Warker-2 မရိုက်ခင်ကတည်းက သက်ဆိုင်ရာလူကြီးတွေနဲ့ ကျေလည်အောင် ညှိနှိုင်းပါတယ်။ အများပြည်သူ သယ်ယူပို့ဆောင်ရေးအပိုင်းမှာ အဆင်ပြေအောင် စဉ်းစားတဲ့အခါမှာ အခုပိတ်ထားတဲ့ ဆူးလေဘုရားလမ်းကို ဝင်တဲ့ကားလိုင်းက ၁၀ လိုင်းရှိပါတယ်။ ဒီ ၁၀ လိုင်းကို ပြောင်းဖို့အတွက် စဉ်းစားတဲ့အခါ ဖေဖော်ဝါရီလ ၂၂ ရက် ကစပြီး လိုင်းမှာရှိတဲ့ သူတွေကို တာဝန်ချတယ်။ YRTA ၊ စည်ပင်နဲ့ ယာဉ်ထိန်းရဲ့တို့ဘက်ကလည်း တာဝန်ချပေးထားတာရှိပါတယ်။ အခုလိုလာရောက်ရိုက်ကူးမှုဟာရခဲတဲ့ အခွင့်အရေးဖြစ်လို့ တကယ့်ကို အဆင်ပြေချောမွေ့အောင် လုပ်ထားပါတယ်” ဟုပြောသည်။

 

ပြည်သူများ၏ အားလပ်ရက် ဖြစ်သည့် တနင်္ဂနွေတွင် Line Walker-2 ရုပ်ရှင် ကား ဇာတ်ဝင်ခန်းရိုက်ကူးမှုကို လာရောက်ကြည့်ရှုသူ ပိုမိုများပြားခဲ့ပြီး ထမင်းချိုင့် များဖြင့်ပင် လာရောက်ကြည့်ရှုသူများရှိခဲ့သည်။

 

DSC_8

 

ယာဉ်စည်းကမ်းထိန်းသိမ်းရေး အတွင်းရေးမှူး ဦးသာကျော်က “ ပြည်သူလူထု အနေနဲ့ လမ်းပိတ်ဆို့ခြင်းကြောင့် အခက်အခဲမရှိအောင်  စီစဉ်ထားပါတယ်။ ယာဉ်လိုင်း အဖွဲ့အစည်း (၆) ခု ဝန်ထမ်းတွေ၊ တာဝန်ခံတွေ ကိုယ်တိုင် မနက် ၆ နာရီကနေ ညနေ (၆) နာရီအထိ ပြည်သူလူထုအတွက် ဆောင်ရွက်ပေးနေပါတယ်။ အခုရိုက်ကွင်းက ဖျော်ဖြေမှုလို ဖြစ်သွားတယ်။ တချို့ဆို ထမင်းချိုင့်နဲ့ကို လာတယ်။ ရဟတ်ယာဉ် ဘယ်အချိန်လာမလဲ၊ မင်းသား ဘယ်အချိန်လာမလဲ ဆိုတာကြည့်ချင်လို့ ထမင်းချိုင့်နဲ့ကို လာတာ။ ပြည်သူလူထုက မနက် ၆ နာရီကနေ ညနေ ၆ နာရီအထိ ဇွဲရှိရှိနဲ့ ဖျော်ဖြေမှုတစ်ခုလို ကြည့်နေတော့ ပင်ပန်းပေမယ့် စိတ်ချမ်းသာပါတယ်” ဟုပြောသည်။

 

YBS (၃၆) ယာဉ်မောင်း ဦးရီထွေးက “ဇာတ်ကားရိုက်နေတဲ့ ကာလအတွင်း မနက်ပိုင်းနဲ့ ညနေပိုင်းမှာ လာကြည့်သူတွေ များတယ်။ မနက်က အခေါက်ကဆို ပိတ်ရက်ဖြစ်ပေမယ့် ရုပ်ရှင်ရိုက်တာ ကြည့်မလို့ဆိုပြီး စီးလာတဲ့သူတွေအများကြီးပဲ။ လာကြည့်သူတွေ များတယ်။ ဆူးလေ ဘယ်ဘက်ခြမ်း ပိတ်လို့ လမ်းလွှဲမောင်းပေးရ ပေမယ့် ကွာခြားမှုမရှိပါဘူး။ အရင်တိုင်းပါပဲ။ ကျွန်တော့်ယာဉ်လိုင်းက အောင်မင်္ဂလာ အဝေးပြေးနဲ့ ဆူးလေနဲ့ ပြေးဆွဲတဲ့ ယာဉ်လိုင်းပါ။ အဝေးပြေးက ထွက်လာတယ်ဆိုရင် အခုရိုက်ကွင်းရှိတဲ့ ဆူးလေဘယ်ဘက်အခြမ်းမှာ ဆင်းမယ့်သူတွေ အနီးစပ်ဆုံး ဆင်းနိုင်အောင် မဟာဗန္ဓုလပန်းခြံလမ်း ထိပ်မှာ ချပေးပါတယ်။ နောက်မြို့တော် ခန်းမကို ပတ်ပြီးတော့ ပြေးဆွဲပေးတယ်။ ခရီးသည်တွေ အားလုံး အဆင်ပြေကြပါတယ်။ အခက်အခဲမရှိပါဘူး” ဟုဆိုသည်။

 

age DSC_

 

ဖေဖော်ဝါရီလ ၂၂ ရက်မှ ၂၆ ရက်အထိ ဆူးလေစေတီတော်မှ အနော်ရထာလမ်း ဂုံးကျော်တံတားထိပ်အထိ  ဘယ်ဘက်လမ်းတစ်ခြမ်းကို နံနက် ၆ နာရီမှ ညနေ ၆ နာရီထိ ခေတ္တပိတ်၍ ရိုက်ကူးနေခြင်းဖြစ်သော်လည်း ယာဉ်ကြောပိတ်ဆို့မှု မရှိစေရန် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ယာဉ်ကြော ရှင်းလင်းပေးလျက်ရှိသည်။

 

ကျောက်တံတားမြို့နယ် အမှတ် (၁) ရပ်ကွက် ရှိ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဆွေမွန်က “ရိုက်ကွင်းရိုက်ဖို့အတွက် ကားတွေ အဆင်မပြေတာတွေ၊ နေရာအခက် အခဲဖြစ်တာတွေအတွက် အခက်အခဲမဖြစ်အောင် ကြိုတင်ပြီးတော့ ကြေညာပေးတယ်။  ကြိုတင်ရှင်းလင်းပေးပါတယ်။  သက်ဆိုင်ရာ စည်ပင်၊ ယာဉ်ထိန်း၊ အုပ်ချုပ်ရေးမှူးတွေနဲ့ ရပ်ကွက် အုပ်ချုပ်ရေးပိုင်းကသူတွေ ရှိတော့ လမ်းပိတ်ထားပေမယ့် ဌာနဆိုင်ရာတွေ အားလုံးပူးပေါင်းဆောင်ရွက်တယ်။ ကြီးကြီးမားမား ယာဉ်ကြောပိတ်ဆို့မှုကို မတွေ့ရဘူး။ ဒီနေ့ ရိုက်ကူးရေးကို လာကြည့်တဲ့သူ တော်တော်လေးများတယ်။ ရဟတ်ယာဉ်နဲ့ ရိုက်ကူးရေးတွေလည်း ပါမယ်ဆိုတာ ကြိုသိနေတော့ ရိုက်ကူးသမျှ ရက်တွေထဲမှာ ဒီနေ့လာကြည့်တာ အများဆုံးပဲ။ ပိတ်ရက်လည်းဖြစ်တယ်။ ကားလည်း ရှင်းတယ်။ ဒီနားဝန်းကျင်မှာ ရုပ်ရှင်ကြည့် ၊ ဘုရားဖူးလာတဲ့သူတွေလည်း ရှိတယ်ဆိုတော့ မြို့လယ်ကောင်မှာ ကြည့်ရှုသူတွေနဲ့ စည်ကားနေတာပေါ့” ဟုပြောပြသည်။

 

ဗိုလ်တထောင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စိုး(ခ)ဒေါ်မေစိုးက “ပြည်သူတွေ  ထောင်ချီပြီးလာတယ်။ အက်ရှင်ကားဆိုတဲ့အတိုင်း တကယ့်ကို ဖြစ်နေတဲ့ ပုံစံတွေ မြင်တွေ့ရတယ်။ သရုပ်ဆောင်တွေက ပီပီသရုပ်ဆောင် နေတာ တွေ့ရတယ်။  ရခိုင်ပြည်နယ်အရေးကြောင့်   မသွားရဲဘူး၊ မလာဘူးလို့ နိုင်ငံတကာက မြင်နေတဲ့ အမြင်တွေကို အခုလိုကုမ္ပဏီကြီးက လာရိုက်ပြတယ်။ အေးအေးချမ်းချမ်း ရှိတယ်ဆိုတာကို ပြနိုင်တဲ့အတွက် ကျွန်မတို့နိုင်ငံရဲ့ ပုံရိပ်က လှတယ်။ နောက် ဘုရား၊ ခရစ်ယာန်ကျောင်း၊ ဗလီ စတာတွေ တစ်စုတစ်ဝေးတည်းတွေ့ရတဲ့အခါကျတော့ ကျွန်မတို့ အားလုံးက ညီညီညွတ်ညွတ်၊  ချစ်ချစ်ခင်ခင် ၊ အေးအေးချမ်းချမ်း နေထိုင်နေတယ်ဆိုတာ ပြသရာ ရောက်ပါတယ်။ ဒီလိုမျိုး နိုင်ငံတကာက လာရိုက် တာကို ကြိုဆိုပါတယ်။ နောက်လာရိုက်ဦးမယ်လို့ သိရတဲ့ အတွက်လည်း အများကြီး ဝမ်းသာပါတယ်” ဟု   ပြောသည်။

 

Line Walker -2 (Operation Midnight Shadow) ရုပ်ရှင်၏ ရိုက်ကူးရေးဇာတ်ဝင်ခန်း နှင့် အပြင်အဆင်များကို  ရိုက်ကူးရေးအဖွဲ့သားများက နံနက် ၆ နာရီမှ  စတင်၍  ညနေ ၆ အချိန်ယူရိုက်ကူးခဲ့ကြပြီး ရိုက်ကူး ဆောင်ရွက်လျက် ရှိရာတွင် အချိန်ပိုင်းလမ်းပိတ်ဆို့မှုများကြောင့် အများ ပြည်သူသွားလာမှု အဆင်မပြေ ဖြစ်ခဲ့ပါက သည်းခံခွင့်လွှတ်ပေးပါရန် မြန်မာနိုင်ငံဘက်မှ တာဝန်ယူဆောင်ရွက်သည့် Yangon Synthesis Productions ကုမ္ပဏီက မေတ္တာရပ်ခံထားသည်။

 

ဟောင်ကောင်ရုပ်ရှင် Line Walker-2 အက်ရှင်ဇာတ်ကားသည် ရန်ကုန်မြို့ရှိ ပြည်သူများအတွက် ဖျော်ဖြေမှုအသွင်ဆောင်နေပြီး ရိုက်ကူးမှုနောက်ဆုံးနေ့ ဖေဖော်ဝါရီ ၂၆ ရက် အထိ လာရောက်ကြည့်ရှုသူ  များပြားနေဦးမည်ဖြစ်သည်။

 

သတင်း…ညွန့်ကိုကို၊ ဓာတ်ပုံ..ရဲထွဋ်

 

DSC_90