နေပြည်တော် ၂၅ ဖေဖော်ဝါရီ
ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်ရှိ ဓမ္မဒူတဇေတဝန်တောရ ဆေကိန္ဒာရာမ ကျောင်းတိုက်ကြီးရှိ ဓမ္မဒူတဆေကိန္ဒဗုဒ္ဓတက္ကသိုလ် အဓိပတိလမ်းမကြီးနှင့် တက္ကသိုလ် စာသင်တိုက် ပင်မကျောင်းဆောင်ကြီးဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ဓမ္မဒူတဒေါက်တာ အရှင်ဆေကိန္ဒ အမှူးပြုသော သံဃာတော် အရှင်သူမြတ်များ ကြွရောက်ကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ် ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အလှူရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည် တော်များ တက်ရောက်ကြသည်။
ရှေးဦးစွာ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီးညိုစော၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်မောင်မောင်မြင့်တို့က ဓမ္မဒူတဆေကိန္ဒ ဗုဒ္ဓတက္ကသိုလ် အဓိပတိလမ်းမကြီးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဓမ္မဒူတဆေကိန္ဒ ဗုဒ္ဓတက္ကသိုလ် စာသင်တိုက်ပင်မကျောင်းဆောင်ကြီး ကမ္ပည်းမော်ကွန်းကျောက်စာတိုင်နှင့် နဖူးစီးစာတန်းအား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။
ယင်းနောက် ဓမ္မဒူတဆေကိန္ဒ ဗုဒ္ဓတက္ကသိုလ် အဓိပတိလမ်းမကြီးနှင့် တက္ကသိုလ် စာသင်တိုက် ပင်မကျောင်းဆောင်ကြီးဖွင့်ပွဲ အခမ်းအနားအောင်မြင်ခြင်းအထိမ်း အမှတ်ရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနားအား ဆက်လက်ကျင်းပပြုလုပ်ရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တ ကုမာရာဘိဝံသ၏ ဩဝါဒကထာအား နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ညောင်သုံးပင်သာမဏေကျော် စာသင်တိုက်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တတေဇောသာရာဘိဝံသက ဖတ်ကြားသည်။
ထို့နောက် နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေကျင်နိကာယာ အဓိပတိဥက္ကဋ္ဌ မဟာ နာယက ဓမ္မသေနာပတိ ပန္နရသမ ရွှေကျင်သာသနာပိုင် အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာ ပဏ္ဍိတဝိဇ္ဇောတာရုံ ဆရာတော် ဘဒ္ဒန္တဝိဇ္ဇောတ ဩဝါဒကထာမြွက်ကြားသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဓမ္မဒူတဆေကိန္ဒတက္ကသိုလ် အဓိပတိလမ်းမကြီးနှင့် စာသင်တိုက်ပင်မကျောင်းဆောင်သစ်ကြီး လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းလျှောက်ထားသည်။
ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က ပန္နရသမရွှေကျင် သာသနာပိုင် အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ ဝိဇ္ဇောတာရုံ ဆရာတော်ကြီးထံသို့ သဒ္ဓမ္မသုံးဖြာ သာသနာတော်မြတ်ကြီး စည်ပင်တိုးတက်ပြန့်ပွားစေရန်အတွက် ဓမ္မဒူတ ဆေကိန္ဒတက္ကသိုလ် အဓိပတိလမ်းမကြီးနှင့် စာသင်တိုက်ကြီး၏ လမ်းသစ်ခင်းမှု မှတ်တမ်းများကို သဟတ္ထိကမြောက် ကိုယ်တိုင်လက်ရောက် ဆက်ကပ်လှူဒါန်းပြီး ဆရာတော်ကြီးက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့အား ဓမ္မဒူတဆေကိန္ဒ တက္ကသိုလ်ဖွင့်လှစ်ခြင်း အထိမ်းအမှတ်ပစ္စည်းများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာအား ပေးအပ်သည်။
ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့သည် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ သီရိမင်္ဂလာကျောင်းတိုက်ဆရာတော် အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘဒ္ဒန္တဩဘာသအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် အခမ်းအနားတက်ရောက်လာကြသည့် တပ်မတော်အရာရှိကြီး များနှင့် အလှူရှင်များက ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြသည်။
ယင်းနောက် အခမ်းအနားတက်ရောက်လာကြသူများသည် ရွှေကျင်နိကာယာဥပ ဥက္ကဋ္ဌမဟာနာယက တွဲဖက်ရွှေကျင်သာသနာပိုင် မဟာဝိသုဒ္ဒါရုံတိုက်သစ်စည်ရှင် ဆရာတော်ကြီးထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက် သွန်းချအမျှပေးဝေကြသည်။ အခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီး အခမ်းအနားတက်ရောက်လာကြသူများသည် ဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။
ကြည့်ရှုအားပေးစကားပြောကြား
မွန်းလွဲပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ရန်ကုန်မြို့ရှိ တပ်မတော် ဆေးရုံ ခုတင် ၁၀ဝဝ တွင် အဆုတ်ရောင်ရောဂါဖြင့် တက်ရောက်ကုသမှုခံယူလျက်ရှိ သည့် ပအိုဝ်းတိုင်းရင်းသားခေါင်းဆောင် ဦးအောင်ခမ်းထီအား သွားရောက်ကြည့်ရှု အားပေးစကားပြောကြားသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အထူးကြပ်မတ်ကုသဆောင်တွင် ဆေးရုံ တက်ရောက်ကုသမှုခံယူလျက်ရှိသည့် ပအိုဝ်းတိုင်းရင်းသားခေါင်းဆောင် ဦးအောင်ခမ်းထီ အားတွေ့ဆုံပြီး ကျန်းမာရေးအခြေအနေများအား ရင်းရင်းနှီးနှီး မေးမြန်းအားပေး စကားပြောကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်းနှင့် တပ်မတော်ဆေးကုသမှုပါရဂူများ၏ ကြပ်မတ်စစ်ဆေးကုသပေးမှုများကြောင့် ဦးအောင်ခမ်းထီ၏ ကျန်းမာရေးအခြေအနေ ကောင်းမွန်နေပြီဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန် ချက်အရ သိရသည်။
(သတင်းစဉ်)


