နေပြည်တော် ၂၅  ဖေဖော်ဝါရီ

 

နေပြည်တော် ဇေယျာသီရိမြို့နယ် ပေါင်းလောင်းရေအား လျှပ်စစ်ဝင်းအတွင်း ဖေဖော်ဝါရီလ ၂၄ ရက် နံနက် ၃ နာရီက မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးဘေးသင့်သူများအား  နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး မင်းနောင်နှင့် ဌာနဆိုင်ရာများသွားရောက်၍ ယင်းနေ့ မွန်းလွဲပိုင်းက ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေ များ ပေးအပ်ခဲ့ကြောင်းသိရသည်။    

 

အဆိုပါထောက်ပံ့မှုတွင် နေပြည်တော်ကောင်စီမှ အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ ငွေ ၅၀ဝ၀ဝ ကျပ်စီဖြင့် အိမ်ထောင်စု ၂၁ စုအတွက် ၁၀၅၀ဝ၀ဝ ကို နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး မင်းနောင်မှ ထောက်ပံ့ပေးအပ်ခဲ့ပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တိုင်းဦးစီးမှူးဦးကျော်ကျော်ထွန်း ဦးဆောင်သောအဖွဲ့ဝင်များက ကယ်ဆယ်ရေးပစ္စည်း ၁၇ မျိုး နှင့် ရိက္ခာ ၇ ရက်စာကိုထောက်ပံ့ပေးအပ်ခဲ့သည်။ 

 

ဆက်လက်ပြီး နေပြည်တော်တိုင်းကြက်ခြေနီသူနာပြု တပ်ဖွဲ့မှ တပ်ဖွဲ့မှူး ဦးတင်ငွေ ဦးဆောင်သော အဖွဲ့ဝင်များက ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ 

 

ထွန်းလင်း(ပြန်/ဆက်)