ထီးလင်း ၂၅ ဖေဖော်ဝါရီ
ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း လုပ်ငန်းက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး တတိယနှစ်စက်ဝန်းကာလလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်းများအနက် ဝါးဘိုးချောင်ကျေးရွာ လျှပ်စစ်မီးလင်းရေးလုပ်ငန်းများကို ယမန်နေ့က စတင် ဆောင်ရွက်ကြောင်း သိရသည်။
“ လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းအနေနဲ့ ကျေးရွာလူထုက ရွေးချယ်တဲ့လုပ်ငန်းတွေကို အကောင် အထည်ဖော်ဆောင်ရွက်ပေးတာပါ၊ အခုလည်း ဝါးဘိုးချောင်ကျေးရွာလူထုက တောင်းဆိုတဲ့ ကျေးရွာ မီးလင်းရေး လုပ်ငန်းကို ကျေးရွာလူထုတို့နဲ့ ပူးပေါင်းပြီး အကောင်အထည်ဖော် ဆောင်ရွက် ပေးခြင်းဖြစ်ပါတယ် ” ဟု ထီးလင်းမြို့နယ် လူထုဗဟိုပြု စီမံကိန်းလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဝါးဘိုးချောင်ကျေးရွာအတွင်း လျှပ်စစ်မီးလင်းရေးကို လူထုဗဟိုပြုစီမံကိန်း စီမံကိန်းပံ့ပိုးငွေ ၁၉၃ သိန်းကျော် ဖြင့် ၁၀ မီတာအရှည် ကွန်ကရစ်တိုင် ၁၁ လုံး၊ ၉ မီတာအရှည် ကွန်ကရစ်တိုင် ၂၄ လုံး စိုက်ထူမည်ဖြစ်ပြီး မီးကြိုးသွယ်တန်းမည့် အရှည်မှာ ပေ ၃၂၈၀ ရှိမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ မီးလင်းရေးလုပ်ငန်းသည် အိပ်ထောင်စု ၄၆ စု၊ လူဦးရေ ၂၂၉ ဦးအား အကျိုးခံစားခွင့် ရရှိမည်ဖြစ်ကာ လုပ်ငန်းများကို ဟိဏ်းမိသားစုကုမ္ဘဏီက တာဝန်ယူဆောင်ရွက်လျက်ရှိသည်။ ထို့အတူ ထီးလင်း မြို့နယ် လူထုဗဟိုပြုစီမံကိန်း တတိယနှစ်စက်ဝန်းကာလ၌ ကျေးရွာ ၄၃ ရွာတွင် မီးလင်းရေးလုပ်ငန်း ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် မီးလင်းရေးလုပ်ငန်းများကို ၂ လအတွင်း အကောင်အထည်ဖော် ဆောင်ရွက် သွားရန် စီစဉ်ဆောင်ရွက်ထားကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
MDN


