ကလော ၂၅ ဖေဖော်ဝါရီ
ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ကျေးရွာများတွင် နှစ်စဉ်နွေဥတုတွင် ရေရှားပါး ပြတ်လပ်လေ့ရှိပြီး ယခုနှစ်နွေဥတုအစ၌ ယခင်နှစ်များထက် ပိုမိုဆိုးရွားစွာ ရေ စတင်ခန်းခြောက်ပြတ်လပ်လာကြောင်း ပင်လောင်းမြို့နယ် တောင်ရိုးလူငယ် အထောက်အကူပြုအဖွဲ့ထံမှ သိရသည်။
ဖေဖော်ဝါရီ လလယ်မှစတင်၍ ကလောမြို့နယ်အတွင်းရှိ ကျေးရွာ ခြောက်ရွာတွင် ရေစတင်ခန်းခြောက် လာပြီး လက်ရှိကျေးရွာ သုံးရွာအတွက် သောက်သုံးရေကို ကားများဖြင့် ရေ လိုက်လံဖြန့်ဝေပေးနေကြောင်း အဆိုပါ အဖွဲ့ခေါင်းဆောင် ကိုအောင်ဆန်းက ပြောသည်။
" အခု နန်းဩရွာ၊မြင်းကကုန်းရွာနဲ့ မွန်းပြားရွာတွေရေစပြတ်လို့ ရေလိုက်ပြီး ဖြန့်ဝေပေးနေပါတယ်။ ကျန်တဲ့သုံးရွာကိုလဲ မကြာခင်ဖြန့်ဝေပေးဖို့ စီစဉ်နေပါတယ်။ကလောမြို့နယ်မြောက်ဘက်ခြမ်း ကရွာတွေလဲ ရေစပြီးခန်းနေပါပြီ။ ဒီနှစ်က ရေခန်းခြောက်တာ စောလဲစောတယ်၊ မြန်လဲမြန်တယ်။ ရွာမှာရှိတဲ့ ရေကန်တွေမှာ ဟိုးအရင်က ဒီအချိန်ဆို ရေကကန်တစ်ဝက်လောက်ရှိနေသေးတယ်။ အခု အကုန်ခန်းနေပြီ။ လတ်တလော ရေရရှိရေးအပြင် ရေရှည် ရေရရှိရေးအတွက်ပါ တွဲလုပ်နေပါတယ် " ဟု ကိုအောင်ဆန်း က ပြောသည်။
လက်ရှိတွင်ကျေးရွာများ ရေရှည်ရေရရှိ ရေးအတွက် စိမ့်စမ်းရေသွယ်ခြင်းနှင့် အင်ဂျင်သုံး စက်ရေတင်ခြင်းများ ကို ကျေးရွာသုံးရွာတွင်ဆောင်ရွက်နေပြီး ယခုနှစ် နွေဥတုကာလအတွင်း ရေရှားပါးပြတ်လပ်သည့် ကျေးရွာပေါင်း ခြောက်ရွာတွင် ရေရှည်ရေရရှိရေးဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
၂၀၁၄ခုနှစ်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ်အတွင်းရှိ ကျေးရွာများမှစတင်၍ နွေဥတုကာလတွင် ရေရှားပါးပြတ်လပ်မှုဒဏ်ကို ဆိုးရွားစွာ စတင်ခံစားလာရပြီး ရေပြတ်လပ်သည့် ကျေးရွာ စုစုပေါင်း ၁၃၀ကျော်ထိ ရောက်ရှိ ခဲ့ကာ လက်ရှိတွင် ကျေးရွာပေါင်း ၉၀ ကျော်ကို ရေရှည်ရေရရှိရေးစီမံကိန်းများ ဆောင်ရွက်ပေးထားနိုင်ခဲ့ကာ နှစ်စဉ် နွေဥတုကာလတွင် ရေရှားပါးပြတ်လပ်သည့် ကျေးရွာများအနက် မြို့နယ် သုံး မြို့နယ်ရှိ ကျေးရွာ ၅၀ကျော်တွင် ရေရှည်ရေရရှိရေး ဆောင်ရွက်ပေးရန် လိုအပ်နေကြောင်း သိရသည်။
ရေရှားပါးပြတ်လပ်မှုကြုံတွေ့နေရသည့် ကျေးရွာများအတွက် ထောက်ပံ့ကူညီလှူဒါန်းလိုသည့် အလှူရှင်များ အနေဖြင့် တောင်ရိုးလူငယ်အထောက်အကူပြုအဖွဲ့ ဦးစီးအဖွဲ့ ခေါင်းဆောင် ကိုအောင်ဆန်း (ဖုန်း- ဝ၉-၄၂၂၅၁၇၀၅၃) သို့ ဆက်သွယ်နိုင်ကြောင်း အဆိုပါအဖွဲ့မှ သိရသည်။
သူရိန်လင်း


