နေပြည်တော် ၂၅ ဖေဖော်ဝါရီ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့မွန်းလွဲပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်ရှိ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ အမှတ် (၃) ဓာတ်မြေသြဇာစက်ရုံ (ကျော်စွာ) သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား စက်ရုံအစည်းအဝေးခန်းမ၌ စက်ရုံမှူးက စက်ရုံသမိုင်းကြောင်းနှင့် စက်ရုံဆိုင်ရာ အချက်အလက်များ၊ လုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မြင့်က ယခုလက်ရှိ စက်ရုံအားပြန်လည် လည်ပတ်နိုင်ရန်အတွက် စက်အစိတ်အပိုင်းအချို့အား မွမ်းမံပြင်ဆင်ရန် လိုအပ်မှုနှင့် သဘာဝဓာတ်ငွေ့ရရှိပါက စက်ရုံလည်ပတ် ထုတ်လုပ်နိုင်မည့်အခြေအနေများ၊ အဆင့်မြင့် ဓာတ်မြေသြဇာစက်ရုံ သစ်တစ်ရုံထပ်မံ တည်ဆောက်ပါက ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် အခြေအနေများအား ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြချက်များအပေါ်ပြည်ထောင်စုဝန်ကြီးက အဆင့်မြင့်ဓာတ်မြေသြဇာ စက်ရုံသစ်တည်ဆောက်ရေးအတွက် လုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း ပြည်တွင်း ဓာတ်မြေသြဇာလိုအပ်ချက်အား တစ်ဖက်တစ်လမ်းမှဖြည့်ဆည်း ပေးနိုင်ရေးအတွက် လက်ရှိစက်ရုံ၏ အားနည်းချို့ယွင်းနေသော စက်အစိတ်အပိုင်းများကို အစားထိုး ပြုပြင်ခြင်းနှင့် သဘာဝဓာတ်ငွေ့ရရှိရေးအတွက် လိုအပ်ချက်များအား သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ဝန်ထမ်းများအနေဖြင့် စက်ရုံပြန်လည် လည်ပတ်ပါက ကောင်းမွန်ချောမွေ့စွာ လည်ပတ်နိုင်ရေးစက်များ ကြံ့ခိုင်ရေးကို အထူးအလေးထားဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ စက်ရုံရှိပညာရှင်ဝန်ထမ်းများ အနေဖြင့် ပြောင်းလဲတိုးတက်နေသော နည်းပညာများနှင့် ဓာတ်မြေသြဇာဈေးကွက် အခြေအနေတို့ကိုလည်း စဉ်ဆက်မပြတ်လေ့လာရန် လိုအပ်ကြောင်း မှာကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဗဟိုထိန်းချုပ်ရေး စက်ခန်းနှင့်စက်ရုံ အတွင်းလှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါအမှတ် (၃) ဓာတ်မြေသြဇာစက်ရုံ (ကျော်စွာ) သည် မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ ကျော်စွာကျေးရွာအနီး ဧရာဝတီမြစ်အရှေ့ဖက်ကမ်းတွင်တည်ရှိပြီး ၁၉၈၄-၁၉၈၅ခုနှစ်မှစ၍ ဓာတ်မြေသြဇာများ လည်ပတ်ထုတ်လုပ်ခဲ့ရာ ၂၀၁၁ ခုနှစ်တွင်သဘာဝ ဓာတ်ငွေ့ ရရှိမှုကန့်သတ်ချက်အရ ရပ်ဆိုင်းထားခဲ့ရပြီး ယခုအခါ ပြည်တွင်းသုံးစွဲမှု တိုးမြင့်လာသော ဓာတ်မြေသြဇာလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေးနှင့် ပြည်ပသို့တင်ပို့နိုင်ရေးအတွက် နိုင်ငံတကာ ကုမ္ပဏီများနှင့်ပူးပေါင်းပြီး အဆင့်မြင့်ဓာတ်မြေသြဇာစက်ရုံ သစ်တစ်ရုံ ထပ်မံတည်ဆောက်ရေး စီမံဆောင်ရွက်လျက်ရှိပြီးလက်ရှိ စက်ရုံကိုလည်း ပြန်လည်ပြုပြင် မွမ်းမံ၍ လည်ပတ်ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


