ရန်ကုန် ၂၅ ဖေဖော်ဝါရီ
ရန်ကုန်မြို့ရှိ မင်္ဂလာဈေး အဆောက်အဦသစ်အား ၂၀၂၁ ခုနှစ် ဧပြီလအတွင်း ဖွင့်လှစ်နိုင်ရေးအတွက် လျာထား ဆောင်ရွက်လျက်ရှိကြောင်း တာဝန်ယူဆောက်လုပ်နေ့သည့် ဆန်းမြတ်ထွန်း ဆောက်လုပ်ရေး ကုမ္ပဏီထံမှ သိရသည်။
“မင်္ဂလာဈေးက ၁၅ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ။ မြေအောက်ပိုင် ဖောင်ဒေးရှင်းတွေအားလုံး ပြီးစီးသလောက် ဖြစ်နေပါပြီ။ ခုလက်ရှိမှာ မြေအောက်ထပ်နှစ်လွှာကို မတ်လအတွင်းမှာ စတင်တည်ဆောက်ပါမယ်။ ၂၀၂၁ ခုနှစ် ဧပြီလမှာ ဖွင့်နိုင်ဖို့အတွက် လျာထားပါတယ်” ဟု ဆန်းမြတ်ထွန်းဆောက်လုပ်ရေး ကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဒေါက်တာ နေလင်းထွန်းက ပြောသည်။
မင်္ဂလာဈေး အဆောက်အဦသစ်သည် မြေအောက်ထပ် ၂ ထပ်နှင့် မြေပေါ် ၁၅ ထပ် အပါအဝင် အထပ်ပေါင်း ၁၇ ထပ်ဖြင့် တည်ဆောက်သွားမှာဖြစ်ပြီး ဆောက်လုပ်ရေးကုမ္ပဏီအနေဖြင့် ၂၀၁၉ ခုနှစ် မိုးရာသီကာလ မတိုင်မီ မြေအောက်ထပ်များကို အပြီးတည်ဆောက်သွားနိုင်ရန် လျာထားဆောင်ရွက်လျက်ရှိကာ ဈေးတည်ဆောက်ခြင်း လုပ်ငန်းများကို နိုင်ငံတကာ အဆင့်မီ စံချိန်စံညွှန်းများနှင့်အညီ ဆောက်လုပ်နိုင်ရေးအတွက် ကျွမ်းကျင်ပညာရှင်များနှင့် ကြီးကြပ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အဆိုပါဈေးသစ်ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ တင်ဒါအောင်မြင်ပြီးနောက်၂၀၁၈ ခုနှစ် မေလမှစတင်၍ မြေပြင်အကြို လုပ်ငန်းများ စတင်ခဲ့ကာ ယခင် မင်္ဂလာဈေးဟောင်းတွင် ရောင်းချနေသော ဈေးသူ ဈေးသားများအတွက် ဆိုင်ခန်းနေရာများ အပါအဝင် ဆိုင်ခန်းပေါင်း ၅၀ဝ၀ နီးပါး ပါဝင်မည်ဖြစ်ပြီး ကားအစီးရေ ၈၀ဝ ခန့် ရပ်နားနိုင်သော ကားပါကင်နေရာများလည်း ပါဝင်မည် ဖြစ်သည်။
အဆိုပါ ဈေးသစ်ကြီးတွင် ဈေးဆိုင်ခန်းများ၊ ရုံးခန်းများ၊ သိုလှောင်ရုံငယ်များ ပါဝင်ကာ ဈေးအတွင်းရှိ ကုန်ပစ္စည်းများအား အလွယ်တကူ သယ်ယူဖြန့်ဖြူးနိုင်ရန် အစီအမံများ ထည့်သွင်းထားရှိပြီး တည်ဆောက်ပြီးစီးပါက နိုင်ငံတကာအဆင့်မီ ဈေးသစ်ကြီးအဖြစ် လူဦးရေ ၄၀ဝ၀ဝ နီးပါး အသုံးပြုနိုင်မည် ဖြစ်သည်။
ယခင်မင်္ဂလာဈေးဟောင်းသည် ၂၀၁၆ ခုနှစ် ဇန်နဝါရီလအတွင်းက မီးလောင်ဆုံးရှုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ- ထိန်လင်း


