နေပြည်တော်  ၂၅   ဖေဖော်ဝါရီ
    

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ဖေဖော်ဝါရီ ၂၃ ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင် သစ်ထုတ်ရေးဒေသ၊ စဉ်ကူးမြို့နယ်ရှိ ဂဒူးတသစ်ဆိပ်နှင့် သပိတ်ကျင်းမြို့နယ် ပိုးဇာသစ်ဆိပ်တို့၌ သစ်တောဦးစီးဌာနဖမ်းဆီးသစ်နှင့် မြန်မာ့သစ်လုပ်ငန်း၏ သစ်ထုတ်လုပ်ကွက်များမှ ထွက်ရှိလာသော သစ်များအားစနစ်တကျ စုပုံထားရှိမှုနှင့် လပ်ပုံထိုင် ဆောင်ရွက်မှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မိုးကုတ်မြို့နယ် ကင်းကျေးရွာအနီး ကင်းကွက် ရပ်တွင် ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းက စိုက်ပျိုးမည့် ဝါးစိုက်ခင်း ( ၅ ) ဧက၊ မိုးကုတ်မြို့နယ်၊ သစ်တောဦးစီးဌာနက ရွှေညောင်ပင်ကြိုးပြင်ကာကွယ်တော အကွက်အမှတ် (၈) တွင် စိုက်ပျိုးဆောင်ရွက်လျက်ရှိသည့် ကျေးရွာထင်းစိုက်ခင်း ( ၅၀ )ဧက၊ ကင်းပုဇွန် ဆိတ်သျှို ချောင်းတွင် ပြုလုပ်ထားသော စုပေါင်းမုံစစ်ကန်နှင့် မိုးကုတ်မြို့နယ်၊ ဘော်ဗဒါန်း ကွက်ရပ်၌ နိုင်ငံတော်နှင့်အကျိုးတူ ဆောင်ရွက်ခဲ့သည့် ဌေးပိုင်ကျောက်မျက်ကုမ္ပဏီ ကျောက်ဆောင် အကျိုးတူ (၂) လုပ်ကွက်တို့ကို ကြည့်ရှုစစ်ဆေးသည်။ 

 

mdn

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဘားနာဒ်ကြိုးဝိုင်းအကွက်အမှတ်(၁၀၁)အတွင်း၌ ဘော်မားကျောက်မျက်ကုမ္ပဏီက စိုက်ပျိုးထားသည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး သစ်တောစိုက်ခင်းနှင့် ရွာသာယာကျေးရွာ အနီးဘားနာဒ်စစ်သင်္ချိုင်းနှင့် ယမ်းတိုက်ဧရိယာ သတ်မှတ်ထားမှုအခြေအနေကို ကြည့်ရှုစစ်ဆေးကာ ဘားနဒ်စစ်သင်္ချိုင်းမြေနေရာတွင် ပါဝင်နေ သည့် ရတနာနယ်မြေနှင့် ပတ်သက်၍ သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက် သစ်ပင်စိုက်ပျိုးဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

 

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညနေပိုင်းတွင် မိုးကုတ်မြို့၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းရုံးသို့ ရောက်ရှိပြီး ရုံးဝန်းအတွင်းရှိ ဌာနပိုင်အဆောက်အဦများကို လှည့် လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ 

 

ပြည်ထောင်စုဝန်ကြီးသည် ဖေဖော်ဝါရီ ၂၄ ရက်တွင် မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း(မိုးကုတ်) ဝန်ထမ်းအိမ်ရာအား ကြည့်ရှုစစ်ဆေးပြီး နယ်နိမိတ် တိုင်များ စိုက်ထူထားရှိရန်၊ ဧရိယာပြမြေပုံ ရေးဆွဲထားရှိရန်တို့ကို ဆွေးနွေးမှာကြားခဲ့သည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် သစ်တောကြိုးဝိုင်းဧရိယာအတွင်းကျရောက်သည့် မိုးကုတ်ရတနာမြေ View Point မြေနေရာ၊ အမှိုက်စွန့်ပစ်ရန်မြေနေရာ၊ သုဿန်မြေနေရာတို့နှင့် ပတ်သက်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများ၏ တင်ပြချက်အပေါ် ဆောင်ရွက် ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးမှာကြားခဲ့သည်။

 

ထို့နောက် မိုးမိတ်မြို့နယ် သစ်တောဦးစီးဌာနရုံး သွားရောက်ကာ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ပြီး သစ်တောဖုံးလွှမ်းမှု ဧရိယာတိုးတက်စေရေးအတွက် မူလရှိသည့် တောဧရိယာအား လျော့ပါးမှုမရှိစေရေး ထိန်းသိမ်းစောင့်ရှောက်ရန်၊ ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောအတွင်း တရားမဝင် ကျူးကျော်မှုများ၊ တရားမဝင် ရွှေသတ္တုတူးဖော်မှုများကို ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ရန်၊ ဌာနစိုက်ခင်းနှင့် ပုဂ္ဂလိကစိုက်ခင်း တည်ထောင်ခြင်း လုပ်ငန်းများ ထိရောက် အောင်မြင်အောင်ဆောင်ရွက်ရန်၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် စိုက်ခင်းတည်ထောင်ခြင်း လုပ်ငန်းကို အားပေးစည်းရုံးဆောင်ရွက်ရန်နှင့် ဝန်ထမ်းများအနေဖြင့် ပေးအပ်သည့် တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်ကြရန်တို့ကို ဆွေးနွေးမှာကြားသည်။ 

 

mdn

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မိုးမိတ်မြို့၊ မြန်မာ့သစ်လုပ်ငန်း အမှတ် (၁၁၈) သစ်စက်ဝန်းသို့ ရောက်ရှိ၍ ဖမ်းဆီးရမိသစ်များ စုပုံထားရှိမှုအခြေအနေနှင့် မိုးမိတ်မြို့ ကင်းရွာ အနီးရှိ ကင်းချောင်းတံတား တာဘောင်ပြုလုပ်ခြင်းနှင့် ကင်းချောင်းဆယ်တင်မှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။

 

ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျဉ်းမြို့နယ်၊ သစ်တောဦးစီးဌာန၏ မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်း၊ စီးပွားရေး (ပိတောက်) စိုက်ခင်း ၄/၂၀၁၇ (၁၀ဝ)ဧကနှင့် သပိတ်ကျဉ်းမြို့နယ်၊ သစ်တောဦးစီးဌာန၏ ဆင်မွှေးပျိုးဥယျာဉ်တို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ 

 

(သတင်းစဉ်)