နေပြည်တော်  ၂၅  ဖေဖော်ဝါရီ 

 

မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့် လျှောက်ထားသူများအနက် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေးဗဟိုကော်မတီမှ စိစစ်အတည် ပြုပြီးသူများအား လူတွေ့မေးမြန်းအကဲဖြတ်ခြင်းကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

လူတွေ့မေးမြန်းအကဲဖြတ်ခြင်းတွင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မြန်မာ နိုင်ငံတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ်ကို ကျင့်သုံးအကောင် အထည်ဖော်ဆောင်ရွက် ရာတွင် ကျွမ်းကျင်ပညာရှင်၊ ရင်းနှီးမြှုပ်နှံသူ၊ မြန်မာနိုင်ငံသားဟောင်းနှင့် ယင်းတို့နှင့် သွေးချင်း ဆက်စပ်သူများဟူ၍ အမျိုးအစား ၄ မျိုး ခွဲခြားသတ်မှတ် ခွင့်ပြုပေးလျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် လျှောက်ထားသူများအား ထုတ်ပြန်ပြဋ္ဌာန်းထားသည့် နည်းဥပဒေနှင့်အညီ လုပ်ငန်းကော်မတီ၊ ဗဟိုကော်မတီတို့မှ အဆင့်ဆင့် စိစစ်ရွေးချယ်ထားသူများအား လူတွေ့ မေးမြန်းအကဲဖြတ်၍ အဆင့်ဆင့်အတည်ပြုကာ အမြဲနေထိုင်ခွင့် ခွင့်ပြုပေးလျက်ရှိကြောင်း၊ ယခုဗဟိုကော်မတီမှ စိစစ်အတည်ပြုပြီးသူများအား လူကိုယ်တိုင်တွေ့ဆုံ မေးမြန်းအကဲဖြတ် ကာ အမြဲနေထိုင်ရန် ခွင့်ပြုသင့်၊ မပြုသင့် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြရန် ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် လုပ်ငန်းတာဝန်ခံက နိုင်ငံခြားသား အမြဲနေထိုင်ခွင့်လျှောက်ထားမှုနှင့် ဗဟို ကော်မတီမှ  စိစစ်ပြီးသူများအား  လူတွေ့မေးမြန်းအကဲဖြတ် ဆောင်ရွက်မည့် အစီအစဉ်များ ကို ရှင်းလင်းတင်ပြပြီး ဗဟိုကော်မတီ ဥက္ကဋ္ဌနှင့် ကော်မတီဝင်များက လူတွေ့အကဲဖြတ်ခံမည့် နိုင်ငံခြားသား အမြဲနေထိုင်ခွင့် လျှောက်ထားသူများအား တစ်ဦးချင်းတွေ့ဆုံ၍ ၎င်းတို့၏ ကိုယ် ရေး အချက်အလက်များ၊ ပြဋ္ဌာန်းထားသည့် နည်းဥပဒေများအပေါ် သိရှိလိုက်နာဆောင်ရွက်နိုင်ရေးတို့ကို မေးမြန်းဆွေးနွေးကာ အကဲဖြတ်အတည်ပြုဆုံးဖြတ်ကြသည်။

 

မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ လုပ်ငန်းစတင်ဆောင် ရွက်သည့် ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၂၉ ရက်မှ ယနေ့အထိ အမြဲနေထိုင်ခွင့် လျှောက်ထားသည့် နိုင်ငံခြားသား ၅၉၀ အနက် ၄၈၀ ကိုခွင့်ပြုခဲ့ပြီး  နိုင်ငံခြားသား အမြဲနေထိုင်ခွင့် လက်မှတ်နှင့် ကတ်ပြားများ ထုတ်ပေးဆောင်ရွက်လျက်ရှိသည်။ 

 

ယခုလျှောက်ထားသူများအနက် ဗဟိုကော်မတီမှ စိစစ်အတည်ပြုပြီးသူများအနက် ၃၂ ဦးအား လူတွေ့မေးမြန်းအကဲဖြတ် အတည်ပြုဆောင်ရွက်မည်ဖြစ်ပြီး အတည်ပြုပြီးပါက အထက်အဆင့်ဆင့်သို့တင်ပြ၍ နေထိုင်ခွင့်လက်မှတ်နှင့် ကတ်ပြားများထုတ်ပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်သည်။ 

 

(သတင်းစဉ်)