မိတ္ထီလာ  ၂၅  ဖေဖော်ဝါရီ

 

မိတ္ထီလာမြို့နယ် တုံးအိုင်ကျေးရွာနှင့် အောင်သာကျေးရွာများတွင် သောက်သုံးရေ အဆင်ပြေစေရန် ကျေးလက် ရေပေးဝေရေးလုပ်ငန်းဖြစ်သည့် မြေသားကန် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးလက် ရေပေးရေးလုပ်ငန်းကို အလည်ရွာအုပ်စု တုံးအိုင်ကျေးရွာတွင် အလျား ပေ ၂၀ဝ၊ အနံ ပေ ၁၆၀၊ အနက် ၃ ပေရှိ မြေသားကန်ပြုပြင်ခြင်းကို ခွင့်ပြုငွေကျပ် (၇ ဒသမ ၆၇)သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်သည်။


အလားတူ အောင်သာကျေးရွာတွင် ခွင့်ပြုငွေကျပ် (၆ ဒသမ ၇၅)သန်းဖြင့် အလျား ပေ ၁၂၀ ၊ အနံ  ပေ ၁၂၀ အနက် ၆ ပေရှိ မြေသားကန် ပြန်လည်ပြုပြင်ခြင်းကို ဖေဖော်ဝါရီ ၂၀ ရက်က စတင်အကောင်အထည်ဖော် ဆောင်ရွက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူး ဦးအေးဇော်မြင့်က ပြောသည်။


အဆိုပါ ကျေးလက်ရေပေးရေးလုပ်ငန်းနှင့် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း(VDP)ဖြင့် ဆောင်ရွက်လျက်ရှိသည့် သီပင်ကုန်းကျေးရွာ၊ ဂွေ့အိုင်ကျေးရွာတို့တွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊ ဆပ်ပြားကျင်းကျေးရွာ မြေသားလမ်းခင်းခြင်း လုပ်ငန်းများကို ဖေဖော်ဝါရီ ၂၃ ရက်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးသန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းငြိမ်းအောင်၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူး ဦးအေးဇော်မြင့်နှင့်တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


သိန်းမြင့်ကျော်(မိတ္ထီလာ)