နေပြည်တော် မတ် ၁၄

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် နေပြည်တော် ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့များကို ဖွဲ့စည်း၍လည်းကောင်း၊ အကောက်ခွန်ဦးစီးဌာနက ဦးဆောင်သည့် One Stop Service ဌာနဆိုင်ရာအဖွဲ့များ ဖွဲ့စည်း၍လည်းကောင်း၊ နယ်စပ် ဝင်/ထွက်ဂိတ်များ၊ နယ်စပ်ကုန်သွယ်ရေးရုံးနှင့် စခန်းများ၊ အမြဲတမ်းစစ်ဆေးရေးစခန်းများ၊ ကုန်သွယ်မှု လမ်းကြောင်းတစ်လျှောက်နှင့် ကုန်ပစ္စည်း သိုလှောင်ရုံများ၊ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများနှင့် လေဆိပ်များ၊ ကမ်းရိုးတန်းဆိပ်ကမ်းများတွင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်လျက်ရှိရာ သတင်းအချက်အလက် ရရှိမှုသည် အလွန်အရေးပါလျက်ရှိသည်။

တာဝန်သိပြည်သူများ၏ သတင်းပေးတိုင်ကြားမှုများကြောင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ အတွင်း သတင်းရရှိမှု (၈၇)ကြိမ် ရရှိခဲ့ပြီး၊ သတင်းမှား(၅)ကြိမ်၊ နောက်ကျသတင်း(၂)ကြိမ်နှင့် ဖမ်းဆီး ရမိမှုအကြိမ် (၈၀) ဖြစ်သည်။ ဖမ်းဆီးရမိမှု အမှုတွဲ(၁၄၄)မှု ဖွင့်လှစ်ထားပြီး ဖမ်းဆီးရမိမှုများတွင် သစ်မျိုးစုံ၊ တိရိစ္ဆာန်အရှင်များ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန် ပစ္စည်းများ ဖြစ်သော ကုန်ပစ္စည်းအမျိုးအစား (၂၆၀) အပါအဝင် ခန့်မှန်းတန်ဖိုးငွေကျပ် (၄,၀၁၇ ဒသမ ၈၂၀)သန်းနှင့် တရားမဝင် ကုန်စည်များ တင်ဆောင်လာသည့် မော်တော်ယာဉ်များ ဖမ်းဆီးရမိခဲ့သည်။

သတင်းပေးတိုင်ကြားခဲ့သည့် တာဝန်သိပြည်သူများကိုလည်း ဖမ်းဆီးရမိမှု တန်ဖိုးကျပ် (၄,၀၁၇ ဒသမ ၈၂၀)သန်း၏ ၂၀ရာခိုင်နှုန်း ဖြစ်သော ကျပ်(၈၀၃ ဒသမ ၅၆၄)သန်းကို သတင်းပေး ဆုကြေး ငွေအဖြစ် ချီးမြှင့်ပေးသွားမည် ဖြစ်သည်။ ဆုကြေးများနှင့်ပတ်သက်၍ ဌာနဆိုင်ရာ တာဝန် ရှိသူများမှ မြန်မြန်ဆန်ဆန် ချီးမြှင့်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ဖမ်းဆီးရမိမှုများနှင့် ပတ်သက်၍လည်း လစဉ်သတင်းထုတ်ပြန်ဆောင်ရွက်လျက်ရှိသည်။

ထို့ကြောင့် တာဝန်သိ ပြည်သူများအနေဖြင့် တရားမဝင်ကုန်သွယ်မှုသတင်းများနှင့်ပတ်သက်၍ လက်ကိုင်ဖုန်း - ၀၉၄၀၄၃၃၉၉၆၉၊ အော်တိုတယ်လီဖုန်းနံပါတ်-၀၆၇-၄၀၉၈၈၃ နဲ့ အီးမေးလ် antiillegaltradeinfo@gmail.com သို့ သတင်းပေးပို့တိုင်ကြားနိုင်ကြောင်း သိရသည်။

သတင်းစဉ်