မိုင်းယောင်း ၂၆ ဖေဖော်ဝါရီ
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် စိုက်ပျိုးရေးဆိုင်ရာ ဥပဒေရှင်းလင်းပွဲနှင့် တောင်သူနည်းပညာပေး ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၉ နာရီခွဲက မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်ဥပဒေအရာရှိ ဦးစိုင်းမောင်မောင်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးနိုင်ဝင်းက ဓာတ်မြေသြဇာဥပဒေ၊ နည်းဥပဒေ အကြောင်းအရာများကို အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ ခရိုင်မြေအသုံးချတာဝန်ခံ ဒေါ်မြဥမ္မာက သီးနှံပင် အာဟာရဓာတ် ထည့်သွင်းအသုံးပြု၍ သီးနှံအထွက်တိုးရေးအတွက် နည်းပညာများကိုလည်း ကောင်း၊ ခရိုင်မျိုးစေ့တာဝန်ခံ ဦးအေးကိုက မျိုးသန့်မျိုးစေ့ ထုတ်လုပ်နည်းပညာကို လည်းကောင်း၊ ခရိုင်သီးနှံ ကာကွယ်ရေးတာဝန်ခံ ဦးခင်မောင်ထူးက ပိုးသတ်ဆေး ဥပဒေ အကြောင်းအရာများကိုလည်းကောင်း၊ ခရိုင်စိုက်ပျိုးရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းရွှေက မျိုးကောင်းမျိုးသန့် အသုံးပြုရေးနှင့် ဖြန့်ဖြူးပေးခြင်း လုပ်ငန်း၊ ဒေသအလိုက် မျိုး၊ ဓာတ်မြေသြဇာ၊ စိုက်စနစ်သုတေသန စမ်းသပ်စိုက်ပျိုးခြင်း လုပ်ငန်းနှင့် နည်းပညာများကို အသီးသီး ရှင်းလင်းဆွေးနွေးပေးကြသည်။
ထို့နောက် တက်ရောက်လာကြသော ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေး အရောင်းဆိုင်ရှင်များ၊ ရပ်ကွက်(၁)၊ ရပ်ကွက်(၂)၊ ရပ်ကွက်(၄)၊ ရပ်ကွက်(၈)၊ ဝမ်ဘိုး၊ မုန်းလိုက်၊ ဝမ်တပ်၊ ဟွေထမ်၊ ဝမ်မန်း၊ ဝမ်ယန်းပုံး၊ ဝမ်ဖြတ်၊ ဝမ်ယွတ်၊ ဝမ်ဟိုနားနှင့် ဝမ်ကောင်းကျေးရွာတို့မှ တောင်သူများက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးပေးခဲ့ကြသည်။
အဆိုပါ ရှင်းလင်း ဆွေးနွေးပွဲကို မိုင်းယောင်းမြို့နယ်တွင် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သည့် တောင်သူများ ခေတ်မီသိပ္ပံနည်းကျ စိုက်ပျိုးနည်းပညာများ သိရှိလိုက်နာ ဆောင်ရွက်ခြင်းဖြင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း


