နေပြည်တော်   ၂၆  ဖေဖော်ဝါရီ  


ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ "တရားရုံးကဦးဆောင်သည့် စေ့စပ် ဖြေရှင်းရေး စမ်းသပ်အစီအစဉ်" မိတ်ဆက် ရှင်းလင်းခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန−၂ (MICC – 2) ၌ ကျင်းပသည်။


အခမ်းအနားတွင် ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးက အငြင်းပွားမှုများကို အခြားနည်းဖြင့်ဖြေရှင်းခြင်း နည်းစနစ်သည် ကမ္ဘာ့နိုင်ငံ အများအပြားတွင် လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် ကျင့်သုံးခဲ့ပြီး ယင်းစနစ်သည်နိုင်ငံရှိ အများပြည်သူအတွက် တရားမျှတမှု လက်လှမ်းမီရေး အတွက်သာမက စီးပွားရေး အခွင့်အလမ်းများ အတွက်ပါ အရေးပါသော လိုအပ်ချက် တစ်ရပ်ပင်ဖြစ်ကြောင်း၊ မြန်မာလူမျိုးတို့သည်လည်း အငြင်းပွားမှုများကို ချစ်ကြည်ရင်းနှီးစွာ ဖြေရှင်းသည့် ဓလေ့ထုံးစံဖြင့် ရင်းနှီးကျွမ်းဝင် ပြီးကြသူများဖြစ်သည့် အားလျော်စွာ တရားမမှုခင်းများတွင် တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေး စနစ်ကို ကျင့်သုံးနိုင်ရေးအတွက် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် ပထမ မဟာဗျူဟာ စီမံကိန်းကာလ (၂၀၁၅−၂၀၁၇) ကတည်းကပင်စတင်ဆောင်ရွက်ခဲ့ပြီး ဒုတိယ မဟာဗျူဟာ စီမံကိန်းကာလ (၂၀၁၈− ၂၀၂၂) တွင် အကောင်အထည်ဖော်ရန် သတ်မှတ်ခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ် မတ်လ ၁ ရက်တွင် တရားမမှုများတွင် တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစမ်းသပ် အစီအစဉ်ကို နေပြည်တော် နယ်မြေ ဒက္ခိဏခရိုင်တရားရုံး၊ တပ်ကုန်းမြို့နယ်တရားရုံး၊ ပဲခူးတိုင်းဒေသကြီးအတွင်း တောင်ငူခရိုင်တရားရုံးနှင့် တောင်ငူမြို့နယ်တရားရုံး တို့တွင် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ၏ ပူးပေါင်းကူညီမှုဖြင့် စတင်အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ မြန်မာ နိုင်ငံတွင် လိုအပ်နေသည့် Alternative Dispute Resolution (ADR) စနစ်အတွက် တရားစီရင်ရေးကဏ္ဍ၏ ဦးဆောင် အကောင်အထည်ဖော်မှု ဖြစ်ပါကြောင်း ပြောကြားသည်။


ထို့နောက် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ မြန်မာ ရုံးကိုယ်စားလှယ်အကြီးအကဲ Mr. Karasawa Masayuki က ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေး အစီအစဉ်ကို နိုင်ငံတစ်ဝန်းတွင်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ဆက်လက် အကူအညီပေးမည်ဖြစ်ပြီး မြန်မာပြည်သူတို့အတွက်ထိရောက်သော အငြင်းပွားမှု ဖြေရှင်းမှုတစ်ခုဖြစ်စေလိုပါကြောင်း အဖွင့်နှုတ်ဆက်စကားပြောကြားသည်။ 


ယင်းနောက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက တရားရုံးကဦးဆောင်၍ စေ့စပ်ဖြေရှင်းရေးစမ်းသပ် အစီအစဉ်နှင့် စေ့စပ်ဖြေရှင်းရေးစနစ်များအကြောင်းကို တင်ပြကြပြီး တက်ရောက်သူများ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားဆွေးနွေးသည်။


ယနေ့ အခမ်းအနားသို့ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့ရှိ ကော်မရှင်နှင့်ရေးရာကော်မတီများမှ ဥက္ကဋ္ဌများ ပဲခူးတိုင်းဒေသကြီးနှင့်မန္တလေးတိုင်းဒေသကြီးတို့မှ တရားသူကြီးချုပ်များ၊ အစိုးရဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ JICA မြန်မာရုံးအကြီးအကဲနှင့် JICA တရားရေးရာနှင့် ဥပဒေရေးရာစီမံကိန်းမှ တာဝန်ရှိသူ များ၊ စေ့စပ်ဖြေရှင်းရေးကျွမ်းကျင်ပညာရှင်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ရှေ့နေအသင်းများ၊ လူမှု အဖွဲ့အစည်းများ၊ တက္ကသိုလ်ဥပဒေပညာဌာနများမှ တာဝန်ရှိသူများ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှ တရားရေးအရာရှိများ၊ တရားရုံးအဆင့်ဆင့်မှ တရားရေး အရာရှိများနှင့် တရားသူကြီးများ၊ ဖိတ်ကြားထားသော အထူးဧည့်သည်တော်များ သတင်းမီဒီယာများ တက်ရောက်ကြသည်။


စမ်းသပ်အစီအစဉ် အကောင်အထည်ဖော်ဆောင်ရွက်မည့် တရားရုံးများတွင်လည်း အဆိုပါစမ်းသပ်အစီအစဉ်အတွက် အကျိုးသက်ဆိုင်သူများနှင့် ညှိနှိုင်းဆွေးနွေးပွဲများ ဆက်လက်ကျင်းပ သွားကြမည်ဖြစ်ကြောင်း သိရသည်။


(သတင်းစဉ်)