ရန်ကုန် ၂၆ ဖေဖော်ဝါရီ
မြန်မာ-ကိုရီးယားချစ်ကြည်ရေး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းဖွင့်ပွဲ မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ကျန်စစ်သားလမ်းရှိ အဆိုပါပညာရေးကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ ကိုရီးယားဆရာတော် Ven Mok Tak၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်း၊ သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမိုးဇော်ရွှေနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာ အဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း ဥက္ကဋ္ဌ အဂ္ဂမဟာသီရိ သုဓမ္မမဏိဇောတဓရ ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေတို့က မြန်မာ-ကိုရီးယား ချစ်ကြည်ရေး ဘုန်းတော်ကြီးသင် ပညာရေးကျောင်း မုခ်ဦးကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြပြီး မြန်မာ-ကိုရီးယား ချစ်ကြည်ရေး ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးကြသည်။
ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ကိုရီးယားဆရာတော်က ကျေးဇူးတင် ဝမ်းမြောက်စကား မြွက်ကြားသည်။
ဆက်လက်၍ ကိုရီးယားသမ္မတနိုင်ငံ ဗုဒ္ဓဘာသာ ဓမ္မပူဇာတေးအဖွဲ့မှ ကိုရီးယားဓမ္မတေးများဖြင့် သီဆိုဖျော်ဖြေကြပြီး အထိမ်းအမှတ် လက်ဆောင်များ အပြန်အလှန်ပေးအပ်ကြသည်။
ယင်းနောက် ကိုရီးယားဆရာတော်၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းရှိ ကွန်ပျူတာသင်တန်းနှင့် ဘာသာစကား သင်တန်းများကို လှည့်လည်ကြည့်ရှု အားပေးကြသည်။
မြန်မာ-ကိုရီးယားချစ်ကြည်ရေး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသည် (၁၅၀ x ၄၀ x ၂၅)ပေ နှစ်ထပ်ကျောင်းဆောင်ဖြစ်ပြီး အလှူရှင်များ၏ စုပေါင်းလှူဒါန်း ငွေကျပ် သိန်းပေါင်း ၂၁၈၀ ဖြင့် စုစုစံဆောက်လုပ်ရေးကုမ္ပဏီက ဆောက်လုပ်ပေးခဲ့ကြောင်း သိရှိရသည်။
(သတင်းစဉ်)


